Thursday, August 2, 2012

ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည် တပ်မတော် အကျပ် တွေ့

သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးဆွေးနွေးပြီးသော်လည်း ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော် အနေဖြင့် အကျပ်တွေ့နေ ရကြောင်း အရာ ရှိ များအသိုင်းအဝိုင်းကပြောသည်။

“ အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူလိုက်တော့ ကျနော်တို့ဆီမှာမှီခိုနေတဲ့ ဒုက္ခသည်တွေကို အလှူ ရှင် တွေကအထောက်အပံ့ ဖြတ်တောက် လိုက်တယ်လေ။ သူတို့ကနေရပ်လဲ မပြန်ရဲသေးတော့ သူတို့ နေ့စဉ်စားဝတ်နေရေး အတွက် ကျနော်တို့ စစ်တပ်က ဦးဆောင်ပြီး စိုက်ခင်း တွေဘာတွေလုပ်ရ တယ်။ ဒါကြောင့်မို့လို့လဲ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ အခုလို ပြဿနာဖြစ်ရတာပါ။ အရင်လ ကလည်း လွယ်ကော်ဝမ်းမှာလဲ ဒုက္ခသည်တွေစိုက်ခင်းနဲ့ပတ်သက်ပြီး ဝ တပ်ဖွဲ့နဲ့ တကြိမ် ပြ ဿနာ တက်ပြီးပါပြီ” ဟု သျှမ်းပြည် တပ်မ တော်မှ အကြီးအကဲတဦးကပြောပါသည်။

ယမန်နေ့က ဝ တပ်ဖွဲ့လှုပ်ရှားသွားလာသည့်လမ်းတလျှောက် စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့် ဝ တပ်ဖွဲ့ က ဖြတ်သန်း သွားလာ သူ များအား တင်းကျပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဂျူလိုင်လ ၃၀ ရက်က မိုင်းတုံမြို့နယ် ပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်မဟာ ၇၂၇ က ဒုက္ခသည်များအတွက် စိုက်ခင်းလုပ်ပေးရာတွင် မိမိနယ်မြေအတွင်းကျူးကျော် ဝင်ရောက်သည်ဟုဆိုကာ ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က တပ် အင်အားဖြည့်ဆည်းခဲ့သည်။ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကိုလည်း ဖမ်းဆီးထားသည်ဟုဆိုသော်လည်း ယမန်နေ့က စေ့စပ် ညှိနှိုင်းဆွေးနွေးရန် သျှမ်းပြည်တပ်မတော်မှ လူလွှတ်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါတပ်မဟာမှူး စဝ်တင်းခေးက သျှမ်းသံတော်ဆင့် အား ပြောပြသည်။

အလားတူသျှမ်းပြည်တပ်မတော်၏ နမ့်စန်မြို့နယ် မိုင်းစစ်ဒေသရှိ လွယ်ယေးတပ်စခန်းမှ ဂွဏ်းဇိန်း စစ်ကြောင်းကိုလည်း ဖယ်ခုံအခြေ စိုက် စကခ ၇ လက်အောက်ခံ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ နှင့် ဘန်းယဉ် အခြေစိုက် ခမရ ၄၂၅ တို့က ဂျူလိုင်လ ၃၀ ရက်က ဝင် ရောက်တိုက် ခိုက်ခဲ့သည်။ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်ဖက်မှ သေကြေ ဒဏ်ရာရမှုနှင့် ပစ္စည်းဆုံးရှုံး မှုများ ရှိခဲ့ ကြောင်း သျှမ်း ပြည်တပ်မတော်သတင်းရပ်ကွက် ကပြောသည်။

ဂျူလိုင် ၃၁ ရက်မနက်ပိုင်းတွင်မူ မိုင်းပန်မြို့နယ် အနောက်တောင်ဘက်ရှိ နောင်လုမ်အုပ်စု၌ လှုပ်ရှား နေသော သျှမ်း ပြည်တပ်မတော်၏ သစ်တောစစ်ဆေးရေးအဖွဲ့မှ စိုင်းလျဲန်ဦးဆောင်သောအဖွဲ့အား အမည်မသိမြန်မာစစ်တပ်မှ တပ်ဖွဲ့ တဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။

“အခုလို ဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲတွေအပေါ် ဆန့်ကျင်တယ်။ တိုက်ပွဲတွေ ဆက်မဖြစ်စေ ချင်ဘူး။ ငြိမ်းချမ်းရေး သဘော တူညီချက်အရ တိုက်ပွဲတွေ ရပ်တန်းကရပ်အောင် ဘယ်လိုဖြေရှင်းပေးမလဲ။ ဦးအောင်မင်းဆီကို စာပေးပို့ထား ပါတယ်” ဟုလည်း အဆိုပါအရာရှိက ပြော သည်။

သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၇၂၇ အခြေစိုက်ရာ လွယ်ဆမ်ဆစ်ပ်တပ်စခန်းတွင် ဒုက္ခသည် ၁၅၀၀ ကျော်ရှိရာ အပစ်ရပ်ပြီးနောက်ပိုင်း အများစု ၁၀၀၀ ကျော် ၎င်းတို့နေရပ်ပြန်သွားကြပြီး ကျန်ဒုက္ခသည် ၄၀၀ အနက် ၂၀၀ ကျော် မှာမြို့ထဲဆင်းအလုပ်လုပ် ဝင်ငွေ ရှာကြကြောင်း ထို့ကြောင့် စခန်း၌ လူ ၁၅၀ ဝန်းကျင် ကျန်ရှိကြောင်း သျှမ်းပြည် တပ်မတော်အသိုင်းအဝိုင်းကပြောပါသည်။

သျှမ်း-ထိုင်းနယ်စပ်၌ (နာမည်ကြီး ၊ အနေများသောနေရာ၌) အခြေချနေထိုင်သော ဒုက္ခသည်များမှာစာရင်းဟောင်းအရ ၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

၎င်းတို့မှာ -
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကောင်းမုံမိန်းစခန်း၌ - ၂၅၀
ထိုင်းနိုင်ငံ ပန်မဖနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်တိုင်းလျဲန်းစခန်း၌ - ၂၃၀၀
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်စခန်း၌ - ၄၀၀
ထိုင်းနိုင်ငံ ဖှန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ဆမ်ဆစ်စခန်း၌ - ၁၅၀၀
ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ကော်ဝမ်းစခန်း၌ -၂၉၀၀
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း၌ - ၆၂၀
စုစုပေါင်း - ၇၉၇၀ ဦးတို့ဖြစ်သည်။

အပစ်ရပ်အဖွဲ့များ၏ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နော်ဝေအစိုးရ၏ Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက်ရိုက်အကူအညီပေးသွားမည်ဟုလည်း သတင်း ထွက်ရှိနေပါသည်။

No comments: