Thursday, August 16, 2012

ဦးအောင်သိန်းလင်း အမတ်အဖြစ်မှ ရုပ်သိမ်းရေး လက်မှတ်ထိုး တင်ပြမည်

အောင်သက်ဝိုင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ ဦးအောင် သိန်းလင်းကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှရုပ်သိမ်းရန်တောင်းဆိုထားသည့် မဲဆန္ဒရှင်ပြည် သူ တထောင်ကျော်၏ လက်မှတ်ရေးထိုး တောင်း ဆိုလွှာများ အား သြဂုတ်လ တတိယပတ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြ တော့ မည်ဖြစ်ကြောင်း သတင်း ရရှိ သည်။

တရုတ်နိုင်ငံ အခြေစိုက် Southern Weekend China သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးအောင်သိန်းလင်းက ကုလသမဂ္ဂနှင့် ကု လသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည် တွင်းရေး ဝင်ရောက် နှောင့်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း၊ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်သည် ဖခင် အရှိန် အဝါဖြင့် ကျော်ကြား နေသူဖြစ်ပြီး NLD ကို ထောက်ခံသူများသည်လည်း အရူးများသာဖြစ် ကြောင်း ကြောင်း၊ သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို မဖြစ်မနေ ပြန်စရန်လိုကြောင်း စသည့် အငြင်း ပွားဖွယ် အမြင်များကို ပြောဆိုခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းပေးရန် တောင် ဥက္ကလာပ မဲဆန္ဒရှင် ပြည်သူတထောင်ကျော်က လက် မှတ်ရေးထိုး တောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းဖို့ တောင်ဥက္ကလာပ မဲဆန္ဒ ရှင် တွေဆီက လက်မှတ်စုလိုက်တာ အားလုံး ပေါင်း တထောင်ကျော်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူလမဲဆန္ဒရှင်များအနက်မှ အနည်း ဆုံး တရာခိုင်နှုန်းက အမတ်အဖြစ်ကနေ ပြန် ရုပ်သိမ်းပေးဖို့ တောင်းဆိုနိုင်တယ်လို့ တရားဝင်ပြဋ္ဌာန်းတယ်။ လာမယ့် သြဂုတ် ၂၁ ရက် လောက်ဆိုရင်တော့ မဲဆန္ဒရှင်တွေရဲ့လက်မှတ် တွေကို ရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြီးလောက်ပါပြီ” ဟု လက်မှတ်ရေး ထိုး လှုပ်ရှားမှုကို ဦးဆောင်နေသူ ဦးမင်းအောင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ ပါရွေးကောက်တင်မြှောက်ခြင်း၊ ပုဒ်မ ၃၉၆ တွင်သက်ဆိုင်ရာမဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များ အ နက် အနည်းဆုံး တရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့်ပတ်သက်သည့်တိုင်းတန်း ချက် ကိုပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဖြစ်ပြီး ကော်မရှင်က စုံစမ်းစစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ဆက် လက် ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရှိလျှင် ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းရေး ဥပဒေနှင့်အညီ ဆောင်ရွက်ရ မည်ဟုပြဋ္ဌာန်း ထား သည်။

ဦးအောင်သိန်းလင်းကို အမတ်အဖြစ် ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူတဦးကမူ မဲဆန္ဒ ရှင်များ၏ ဥပဒေပါ အခွင့်အရေးဖြစ်သည့်အတွက် မည်သို့မျှ မပြော လိုကြောင်း ဆိုသည်။

“မဲဆန္ဒရှင် ပြည်သူတွေဆီမှာ ကိုယ်ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်ကို မယုံကြည်တော့ဘူး၊ လွှတ်တော် ကိုယ်စားလှယ်က အရည်အချင်း ပျက်ယွင်းတယ်လို့ထင်ရင် ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ် သိမ်းပေးဖို့ တင်ပြတောင်းဆို နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် အ ခုလို ပြည်သူတွေက တောင်းဆိုတာက ဥပဒေပါ အခွင့်အရေးပါပဲ။ ပြည်ခိုင်ဖြိုးဖြစ်ဖြစ်၊ NLD ဖြစ်ဖြစ်အမတ်ဖြစ်လာပြီဆိုရင်ပြည်သူကို အလေး ထားရမယ်ဆိုတာ ပေါ်လွင်စေတာပဲ။ အပြစ်ရှိတာ၊ မရှိတာကတော့ ကော်မရှင် က စစ်ဆေးပြီး အရေးယူဆောင်ရွက်ရမယ့်ကိစ္စပဲ” ဟု အဆိုပါ ပါတီတာဝန်ရှိသူက ပြောသည်။

ကြံ့ခိုင်ရေးပါတီကလည်း ဦးအောင်သိန်းလင်းနှင့် တရုတ်သတင်းစာ တွေ့ဆုံမေးမြန်းခန်းကို သေချာစွာ စိစစ်ပြီး အရေးယူ ဆောင်ရွက် သွားရန် ရှိကြောင်း၊ ဦးအောင်သိန်းလင်း၏ သဘောထားသည် ကြံ့ခိုင်ရေးပါတီ၏ သဘောထားမဟုတ်ဘဲ ၄င်း၏ ကိုယ်ပိုင်အမြင် သဘော ထားသာ ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

NLD တောင်ဥက္ကလာပမြို့နယ် တာဝန်ခံ ဒေါက်တာစောနိုင်က ဦးအောင်သိန်းလင်းကို အမတ်အဖြစ် ရုပ်သိမ်းရေး တောင်းဆိုမှုသည် လွှတ် တော်ကိုယ်စားလှယ်ဖြစ်ပြီးသော နိုင်ငံရေးသမားများအနေဖြင့် ပြည်သူနှင့် အမြဲထိတွေ့ပြီး ပြည်သူလူထု၏ အကျိုးဆောင်ရွက်စေ ရန် နှိုးဆော် လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ငါအမတ်ဖြစ်ပြီဆိုတာနဲ့ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့မရဘူး။ မဲပေးထားတဲ့ ပြည်သူတွေ မျက်နှာကိုကြည့်ရမယ်။ပြည်သူတွေနဲ့အဆက် ပြတ်လို့ မရဘူး။ မဲဆန္ဒရှင် ပြည်သူတွေမျက်နှာကို မကြည့်ရင် ပြည်သူတွေကလည်း ပြန်ပြီး ဒဏ်ခတ်တယ်ဆိုတာကို ပေါ်လွင်စေတယ်။ ဒီ သဘောတရားက ဒီမိုကရေစီရဲ့ အနှစ်သာရကို ပေါ်လွင်စေပါတယ်” ဟု ၄င်းက ဆိုသည်။

မကြာသေးမီတွင် ကြံ့ခိုင်ရေးပါတီက ဦးအောင်သိန်းလင်းကို ပါတီ၏ ရန်ကုန်တိုင်းတာဝန်ခံရာထူးမှ ချထားလိုက်ပြီး ၄င်း၏နေရာတွင် ခ ရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ယခင်မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မောင် သိမ်းနှင့် အ စား ထိုးခန့်ထားလိုက်သည်။

No comments: