KNG
ကချင်ပြည်နယ် မြစ်ကြီးနားဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကြောင့်ပြောင်း ရွှေ့ခံထားရသော အောင်မြင်သာ စံပြကျေးရွာ ဒေသခံ များတွင် နေရာထိုင် ခင်းနှင့် အစားအသောက်တွင် အခက်အခဲဖြစ်နေ ကြောင်း ဒေသခံများပြော သည်။
မိုးရာသီချိန်ဖြစ်၍ အောင်မြင်သာစံပြကျေးရွာတွင် ဆောက်လုပ်ပေးထားသော ဒေသခံများ၏ နေအိမ်သစ်များတွင် ခိုင်ခံ့မှုမရှိသောကြောင့် မိုးရွာသွန်းလျှင် မိုး ယိုခြင်း အိမ်သာများ ပြိုကျပျက်စီးသွားခြင်း ကြောင့် နေရာထိုင်ခင်း အဆင်မ ပြေမှု များဖြစ်ပြီး ခက်ခဲများရင်ဆိုင် နေရ ကြောင်း သိရသည်။
“အခုတလော ကျနော်တို့သောက်နေတဲ့ ရေပိုက်လိုင်း အကုန်ပြုတ်သွားတာ တောင်မှ သူတို့(အယ် ရှာဝေါလ်)ကို အကူအညီတောင်း ထားတာ အခုထိလာ မလုပ်ပေးဘူး။ ကျနော်တို့ ရွာမှပဲ တတ်နိုင်သလို လုပ်ပြီး နည်းနည်းထွက်နေ တာ ကို သောက်နေရတယ်။ သူတို့လုပ်ထား ပေးတဲ့ အိမ်တွေလည်း မိုးရွာပြီ ဆိုတာနဲ့တော့ နေလို့တောင်မရဘူး မိုးအရမ်းယိုတယ်လေ။ မိုးရွာ တာနဲ့ ရေ တွေကြီးလာ အောက်မှာက ရေ လျှံလာ။ အိမ်သာတွေလည်း ပျက်တာကပျက် ညစ်ညစ်ပတ်ပတ် အကုန်မျှောပြီး အိမ်တွေမှာ လာငြိနေတာနဲ့ နံတာနဲ့ အခက်အခဲက အ များကြီးပဲ ရွာသစ်ဆိုတော့” အောင်မြင်သာ ဒေသခံတစ်ဦးပြောသည်။
ထို့ပြင် မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသူများအတွက် ရေကာတာ ဆောက်လုပ်မှုတာဝန်ရှိသည့် တရုတ်စွမ်းအင်ထုတ် လုပ်မှု (CPI)ကုမ္မဏီမှ ဒေသခံများအား ဆန်များထောက်ပံ့မှုပေးထားသော်လည်း ဟင်း၊ ဆေးဝါးများ အတွက် ခက်ခက်ခဲခဲရှာဖွေ စား သောက်နေရ ကြောင်း ဒေသခံများပြောသည်။
CPI ကုမ္မဏီ တာဝန်ရှိသူများသည် ဆန်ကိုလည်း လာမည့်ဒီဇင်ဘာလထိသာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မြစ်ဆုံရေကာတာစီမံကိန်း ပြန် လည် မတည်ဆောက်နိုင်သ၍ နောက်ထပ် မည်သည့်အကူအညီမျှ ပေးနိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုထားသည်ဟု အောင် မြင်သာ ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ကတော့ စီမံကိန်း ရုပ်သိမ်းလိုက်ပြီမို့လို့ ကူညီတာ ဘာမရှိတော့ဘူး။ အဲလိုပဲထားထားတယ်။ ဟိုတစ်ခေါက်က CPI ဥက္ကဌ လာသွားတဲ့ အချိန်မှာတော့ မြစ်ဆုံရေကာတာ မလုပ်လိုက်တဲ့ အတွက်ကြောင့် ကျနော် တို့လည်း နင်တို့ကို ဆက်ပြီးတော့ ကူညီဖို့ ခက်ပြီဆိုပြီး ပြောသွား တယ်။ ဒါပေမဲ့ နင်တို့စားဖို့ ဒီနှစ်စာ အတွက်က ငါတို့ကူညီမယ်ဆိုပြီး လာပြောထားလို့ ဆန် ကိုတော့ ၆ လစာတော့ လာကူညီထား တယ်။ အဲဒါတော့ ရှိတယ်လေ။ အဲဒါကုန်သွားရင်တော့ ကျနော်တို့ ဒေသခံတွေက သေသွားရုံ ပဲပေါ့” ဟု ဒေသခံက ပြောသည်။
ဒေသခံများသည် အောင်မြင်သာကျေးရွာတွင် အသစ်တဖန်အခြေချနေထိုင်သည့်နေရာတွင် မိသားစုစားဝတ်နေရေးနှင့် နေရာထိုင်ခင်း အခက် ခဲများကြောင့် ၄င်းတို့အား ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ဒီဇင်ဘာ ကုန်ထိ ထောက်ပံ့ပေးထားသော ဆန်ကို ရရှိခဲ့သော်လည်း အ ချို့မှာ ထို ၆ လစာ ဆန်ကို ရောင်းကာ ဟင်း၊ ဆေးဝါးများအား ပြန်လည်ဝယ်ယူခဲ့ကြောင်းသိရသည်။
မြစ်ဆုံစီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီများက တည်ပေးထားသည့် ၎င်းရွာသစ်မှာ တောင်ယာလယ် လုပ် စိုက်ပျိုး စားသောက် မရ သည့် မြေရိုင်းဖြစ်ပြီး အောက်ခံမြေမှာ ကျောက်ဖြုန်းလွှာ ဖြစ်သောကြောင့် ဒေသခံများ စိုက်ပျိုးရေး လုပ်ကိုင်၍ မရပဲ မိသားစုထူထောင် မှုတွင် တ နိုင်တပိုင် ခက်ခဲစွာရှာဖွေနေကြောင်း ဒေသခံဆက်ပြောသည်။
“ဆန်တော့ သူတို့ပေးထားတာရှိတယ်လေ ဒါပေမဲ့ သုံးဖို့ငွေတွေရှာလို့မရဘူးလေ။ ပြောမယ်ဆိုရင် အောင်မြင်သာရွာမှာ တနေ့ ၅ ပြားဝင်ဖို့တောင်ခက်နေတယ်။ အဲတော့ တချို့က အဲဒီရှိတဲ့ ဆန်ကိုရောင်းစားပြီး ကိုယ့်ရဲ့ ကျန်းမာရေးမှာ သုံးတယ်။ တချို့ အိမ်မှာ လုပ်ဖို့လူတွေ ရှိရင်တော့ တန်ဖရဲကို တက်ပြီး ရွှေတူးစားတာမျိုးတွေပေါ့။ ကိုယ်လုပ်တတ်ရင် လုပ်တတ်သလို ရှာဖွေစားသုံးနေကြတယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။
အောင်မြင်သာသို့ပြောင်းရွှေ့ခံခဲ့ရသော ဒေသခံများသည် နဂိုနေရာ မြစ်ဆုံတန်ဖရဲကျေးရွာတွင် ရွှေကျင်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး အား ဖြင့် ၀မ်းစာအတွက် အဓိက အသက်မွေးဝမ်းကျောင်းနေကြသူများဖြစ်သည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား နိုင်ငံတော်သမ္မတမှ ရပ်ဆိုင်းထားခဲ့သောကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် မြစ်ဆုံအနီး တန်ဖရဲ ရွာသား များအားသည် မိမိနေရပ်သို့ ပြန်၍ အခြေချရန် မျှော်လင့်ခဲ့သော်လည်း မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးက မိမိရွာသို့ ပြန်လည် နေထိုင်ခြင်း မပြုတော့ကြောင်း အောင်မြင်သာ စံပြရွာသို့ လာရောက် ပြောဆိုခဲ့ပြီး ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့ကြောင်းသိရသည်။
မေခ-မလိခ မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ၂၀၁၀ မေလမှ စ၍ ကျေးရွာများအား အောင်မြင်သာရွာသစ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး ယခုချိန်တွင် အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ ကျော် နေထိုင်နေကြသည်။
No comments:
Post a Comment