Friday, August 17, 2012

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်ပေါ် KIO ကန့်ကွက်

KNG

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သြဂုတ်လ ၁၄ ရက်နေ့ထုတ် သတင်းထုတ်ပြန်ချက်တွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)သည် လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းရှိနေပြီး တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းကိုမပြုလုပ်ရန် တိုက်တွန်း ထားခြင်းအပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ကန့်ကွက်လိုက်သည်။

အစိုးရနှင့် KIO နှစ်ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပြီး ကာယကံရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ဟု လူ့အခွင့်အရေး ကော် မရှင်မှ ပြောဆိုခဲ့ခြင်းအပေါ် အဖြစ်မှန်ကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းနှင့် အစိုးရက ခန့်ထားသောအဖွဲ့ဖြစ်သော ကြောင့် အစိုးရဘက်လိုက်သော ထုတ်ပြန်ချက်သာဖြစ်သည်ဟု KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်က ဝေဖန်ပြောဆိုလိုက် ခြင်း ဖြစ်သည်။

“သူတို့အနေနဲ့ လာရောက်တယ်ဆိုတာက နှစ်ဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာကို သူတို့ဘယ်မှာ ဆုံးဖြတ်လို့ရလဲ။ အဲဒီမြစ်ကြီးနားမြို့မှာပဲ ရောက်ပြီး သူတို့ အထူးရွေးပြီး ခေါ်ထားတဲ့သူတွေနဲ့ မေးပြီးရတဲ့ ဟာကိုပဲ ချုံပြီးပြောလိုက်တာ ဆို ရင်တော့ သူတို့ မြန်မာအစိုးရတွေရဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ သိက္ခာတော့ရှိတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် အချုပ်အနေနဲ့ပြောမယ်ဆို ရင် အခုသူတို့လုပ်တာက တဖက်မှာပဲရပ်ပြီးပြုလုပ်တဲ့ ကော်မရှင်တစ်ခု ဖြစ်တယ်လို့ပြောချင်တယ်။ အဲဒါကြောင့် သူတို့ပြောတာကို ကျနော်တို့ KIO အနေနဲ့ ကန့်ကွက်ချင်တယ်။”

ထို့အတူ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ ကချင်ပြည်နယ်ခရီးစဉ် သတင်းထုတ်ပြန်ချက်အပေါ်လည်း နှစ်ဖက်မျှတမှု မရှိ ကြောင်း သုံးသပ် ပြောဆိုနိုင်သည်ဟု ဆက်ဆိုသည်။

“ဒီအဖွဲ့က အစိုးရအတွင်းကနေ ဖွဲ့စည်းထားတဲ့ ကော်မရှင် အဖွဲ့တစ်ခုဖြစ်တဲ့အတွက် အစိုးရကြိုက် သလို ပြောဖို့ သူတို့မှာ တာဝန်ရှိတယ်။ အခု ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုဖြစ်တယ်။ ဘယ်လို နည်းလမ်းနဲ့ဖြစ်တယ် ဆိုတာ ကို သူတို့မစုံစမ်းဘူး။ ကြားတာကိုပဲလူ့အခွင့်အ ရေး ချိုးဖောက်တယ်ဆိုပြီး ဆုံးဖြတ်ပြောတယ်လို့ မြင်တယ်” ဟု KIO ဒု-အ ထွေ ထွေအတွင်းရေးမှူး ဦးလာနန်ကပြောသည်။

လူ့အခွင့်အရေး ကော်မရှင်သည် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာမှ သက်သေများ၏ ထွက်ဆိုချက်အရ KIA မှ တာလောကြီးရွာ သား များအား တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းရှိခဲ့ကြောင်းနှင့် KIA ပြည်သူ့စစ်အဖြစ်ဆောင်ရွက်နေသူ တာလောကြီးရွာ သား (၅ ၃) ဦးအလင်းဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

ကချင်ပြည်နယ်မှ တိုင်ကြားစာနှင့်ပတ်သက်၍လည်း သက်သေများအား ခေါ်ယူစစ်ဆေးချက်အရ လူ့အခွင့်အရေး ချိုးဖောက်မှုအချို့တွေ့ရှိရ ကြောင်းနှင့် တပ်သားသစ်များ အဓမ္မစုဆောင်းခြင်းမပြုရန် တိုက်တွန်းထားခြင်းအပေါ် KIA အနေဖြင့် တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် မိမိဒေ သအား ကာကွယ်နိုင်ဖို့ အင်အားဖြည့်ရန် စစ်သားစုဆောင်းခြင်းကို လူ့အခွင့်အရေးချိုးဖောက်ခြင်းဟု မဆိုနိုင်ကြောင်း ဦးလာနန်မှ ဆက်ဆို သည်။

“ဒီနေ့ ကျနော်တို့ဒေသမှာ စစ်ဖြစ်တာမရှိလို့ရှိရင် စစ်သားစုဆောင်းတာလည်းရှိမှာမဟုတ်ဘူး။ အောက်ပိုင်းကမြန်မာအစိုးရတပ်ဖွဲ့တွေထောင် ဂဏန်း ကိုယ့်ဒေသမှာ ထိုးစစ်ဆင်လာတာကြောင့် မိမိဒေသမှာရှိနေတဲ့ ပြည်သူလူထု တွေက အောက်ပြည်ကရောက်လာတဲ့ ရန်သူ တွေကို ပုန်ကန်ဖို့လိုလာတယ်။ ဒီလို လိုလာတယ်ဆိုတော့ ကိုယ်ကလက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ပုန်ကန်ဖို့ဆိုရင် ကိုယ့်ဖက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့တွေ အင်အားများရမယ်။ အဲဒါကြောင့် ဒီနေ့ ကျနော်တို့ဒေသတွေမှာ စစ်သားစုဆောင်းတယ်ဆိုတာ ရှိလာတာဖြစ်တယ်။ ဒီဟာကို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး ပြောရင်တော့ မမှန်ဘူးလို့ပြောချင် တယ်။ အစိုးရက စစ်အင်အားနဲ့ ထိုးစစ်ဆင်လာတယ်ဆိုတော့ ကိုယ့် ဘက်က ကာကွယ်နိုင်ဖို့ စစ်အင်အား များလာအောင် ရှိလာအောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပဲ” ဟု ဦးလာနန်ကပြောသည်။

KIA မှ စစ်သားစုဆောင်းမှုပြုလုပ်နေသော်လည်း အသက်မပြည့်သေးသောကလေးများနှင့် ကိုယ်ခန္ဓာကျမ်းမာခြင်းမရှိသော သူများကို ခေါ်ယူ ခြင်းမရှိပဲ ကျမ်းမာရေးစစ်ဆေးပြီးမှသာ KIA တာဝန် ထမ်းဆောင်ခွင့် ပေးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

လူ့အခွင့်အရေးကော်မရှင်အဖွဲ့များမူ နယ်ခြားဒေသများသို့ မသွားနိုင်ခဲ့ခြင်းသည် လုံခြုံရေးအရ စိတ်ချမှုမရှိသောကြောင့်နှင့် နှစ်ဘက် မည်သို့ဖြစ်သည်ကို ဖော်ပြခြင်းမရှိခြင်းသည် လည်း နှစ်ဘက် တပ်ဖွဲ့အားသွေးထိုးသည့်သဘော ဖြစ်မည်ကိုစိုးရိမ်သဖြင့်၊ ပြည်သူလူထု၏ စိုးရိမ်မှု ပိုမို ကြီးထွားစေမည်ကို မလိုလားသောကြောင့် နှစ်ဘက် မျှပြီး တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်က ဗီအိုအေ သတင်းဌာနတွင် ပြောဆိုထားသည်။

ကချင်ပြည်နယ်တွင်း အစိုးရတပ်ဖက်မှ ထိုးစစ်များရပ်နားခြင်းမရှိပဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲကာလ တွင် KIA ဖက်မှ စစ်သားစု ဆောင်းမှုများ ဆက်လက်ပြုလုပ်နေခြင်းကို ငြိမ်းချမ်းရေး လိုလားသောလူထုများတွင် လည်း ထောက်ခံသူများရှိနေသကဲ့သို့ ကန့်ကွက်သူ များလည်း ရှိနေကြောင်း ဒေသခံများပြောသည်။

တပ်သားစုဆောင်းမှုတွင်လည်း ပြီးခဲ့သည့်လ ၀ိုင်းမော်မြိ့နယ် နမ့်ဝါ (Nam Wa) ကျေးရွာမှ ရွာသား ၁၀ ဦးအား KIA မှ စုဆောင်းသွားခဲ့ စဉ် တချို့ရွာသားများကို အိမ်တွင်း အခက်အခဲကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း နမ့်ဝါ ဒေသခံတစ်ဦးကပြောသည်။

“တချို့ကိုတော့ ပြန်လွှတ်လိုက်တယ်။ မိဘမဲ့ ကလေးတွေ တကယ် အိမ်မှာ အခက်အခဲရှိတာကို သူတို့မိသားစုက တင်ပြနိုင်တဲ့သူတွေကိုတော့ လွတ်လိုက်ပြီ။ တချို့ပညာတတ်တဲ့သူတွေကိုတော့ ဆေးပညာတွေ သင်ပေးမယ်ဆိုပြီး ဘာမပြောတော့ဘူး” ဟု နမ့်ဝါကျေးရွာဒေသ အမျိုး သားပြောသည်။

အဓမ္မစစ်သားစုဆောင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှုဟုတ်မဟုတ် နှစ်ဖက် ဝေဖန်ပြောဆိုမှုများသည်လည်း မတူညီ သော အယူအဆ၊ ခံယူချက်များအရ အမြင်ကွဲလွဲနေခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။

“KIO အနေနဲ့ စစ်သားစုဆောင်းတယ်ဆိုတာကို ကြည့်မယ်ဆိုရင် အဲဒါကို လူ့အခွင့် အရေးချိုး ဖောက် တယ်လို့ ပြောမလား။ အမျိုးသားရေးမှာ ပူးပေါင်းဆောင်ရွယ်တယ်လို့ပြောမလားလေနော်။ အဲဒါက တစ်ယောက်နဲ့တစ်ယောက် ခံယူတဲ့ အယူအဆက မတူရင်မတူမှာလေနော်။ စစ်သားစုဆောင်းတာကိုလည်း တော်လှန်ရေးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပဲဟု တော့မြင်တယ်လေ” ဟု မွန်းနေ လီကပြောသည်။

အဖွဲ့ဝင် (၁၅) ဦးပါသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ ဇူလိုင်လ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ် ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့များသို့ သွားရောက်၍ စစ်ပြေးဒုက္ခသည် စခန်း ၁၆ ခုတွင် လေ့လာခဲ့ပြီး နှစ်ဖက်တပ်များ၏ လူ့အခွင့်အရေး ချိုး ဖောက် မှုအခြေအနေများကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

No comments: