Tuesday, August 21, 2012

ဗဟို ကြိုးကိုင်စနစ် မကျေနပ်သည့်အတွက် ကော့သောင်း NLD အချို့ ဆန္ဒပြ

ကောင်းဝါ

တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ညီလာခံ ကျင်းပရေး ကော်မရှင်က ကော့သောင်း ခရိုင်/မြို့နယ် ညီလာခံ ကျင်းပ ရေး ကော်မရှင် ဖွဲ့စည်းရာတွင် ဒီမိုကရေစီ နည်းလမ်း မကျဟု ဆိုပြီး တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ ရွှေဇင်ယော် ရပ်ကွက် ရှိ အဖွဲ့ချုပ်ရုံးရှေ့တွင် ပါတီဝင် ၂၀ ခန့် ဆန္ဒပြခဲ့ကြသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေး ကော်မရှင် ဖွဲ့စည်းရာတွင် ဒီမိုကရေစီ နည်းလမ်းမကျဟု ဆိုပြီး ပါတီဝင်အချို့ သြ ဂုတ်လ ၁၂ ရက်နေ့တွင် ဆန္ဒပြပြီးနောက် ရက်ပိုင်းအတွင်း ကောင်းသောင်းမြို့၌ ဆန္ဒပြခြင်း ဖြစ်သည်။

သြဂုတ်လ ၁၅ ရက်က ကော့သောင်းမြို့ရှိ ငွေလရိပ်ခန်းမတွင် ပြုလုပ်သည့် ခရိုင်/မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင် ဖွဲ့စည်း တာဝန် ပေး အပ်ခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ခြင်း၌ ဦးဆောင် ဟောပြောသူ ဦးမျိုးလွင်က ပြောသည်။

“ဒီကနေ့ ကော့သောင်းမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံတော် အောက်က နေပြီးတော့မှ မိမိတို့ရဲ့ အတ္တ စိတ်ဆန္ဒတွေနဲ့ အပြည့် ပါတီရဲ့ အရေကို ခြုံပြီးတော့မှ မိမိတို့ရဲ့ စိတ်ရူးပေါက်ရာကို လျှောက်လုပ်ကြပါတယ်။ ဒီလို လုပ်နေ တာဟာ ကော့သောင်း ပြည်သူလူထုရဲ့ ကိုယ်စား၊ ကော့သောင်းမြို့မှာ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သက်ဝင် ယုံကြည်တဲ့ လူတွေကိုကော စော်ကားရာ ကျပါတယ်” ဟု ဦးမျိုးလွင် က အဖွဲ့ချုပ်ရုံးရှေ့တွင် ဟောပြောခဲ့သည်။

ကော့သောင်း NLD ဥက္ကဌဟောင်း ဦးမြင့်မောင် ကလည်း “ပါတီကို ခုတုံး လုပ်ပြီးတော့ ညီလာခံ လုပ်တဲ့ အချိန်မှာ အာဏာရှင်ဆန်ဆန် ကျယ် ကျယ်ပြန့်ပြန့် မလုပ်ပဲနဲ့ လူတစုရဲ့ သြဇာအာဏာ သုံးပြီးတော့ လုပ်တဲ့အတွက်ကြောင့် မကျေနပ်လို့ ဆန္ဒပြတာ ဖြစ်တယ်” ဟု ပြောသည်။

ဆန္ဒ ဖော်ထုတ်ရန်အတွက် သြဂုတ်လ ၁၃ ရက်နေ့တွင် ကော့သောင်း မြို့နယ်ကော်မရှင်နှင့် မြို့နယ်ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ ကြောင်း သိရသည်။

တနင်္သာရီတိုင်း NLD ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင် ကိုမြင့်မောင်မောင် ကမူ ညီလာခံ ကျင်းပရေး ကော်မရှင် ဖွဲ့စည်း တာဝန် ပေး အပ်ခြင်းသည် အထက်မှ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောသည်။

“ဗဟိုကနေပြီးတော့ ဦးဉာဏ်ဝင်းရဲ့ လက်မှတ်နဲ့ အတည်ပြုပြီးတော့ ပြန်ချပေးတယ်ခင်ဗျ။ ဗဟိုက တာ ဝန်ပေးချက်အရ ကျနော်တို့ လုပ် တာ ပါ” ဟု သူက ပြောသည်။

ကော့သောင်း ခရိုင်/မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စီးပြီး ခရိုင် ကော်မရှင် ဥက္ကဌ အဖြစ် ဒေါက်တာ ခင် မောင်ဝင်းနှင့် မြို့နယ် ကော်မရှင် ဥက္ကဌ ဦးအောင်ရွှေတို့ကိုလည်းကောင်း၊ တနင်္သာရီတိုင်း ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင် အဖြစ် ကော့သောင်းမြို့နယ်မှ ဒေါ်ခင်အေးမူနှင့် ကိုမြင့်မောင်မောင် တို့ကိုလည်းကောင်း ရွေးချယ်ခန့်ထားကြောင်း သိရသည်။

ကော်မရှင်သည် ညီလာခံ ကျင်းပရန်နှင့် အမှုဆောင်များ ပေါ်ပေါက်ရန် လုပ်ဆောင်ရာ၌ ယာယီတာဝန်ပေးခြင်း အဆင့်မျှသာ ရှိသည့်အ တွက် ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ်ခြင်း မဟုတ်ကြောင်း ကိုမြင့်မောင်မောင် က ပြောသည်။

“တိုင်းကို ဗဟိုကနေပြီးတော့ ကော့သောင်းမြို့နယ်က ၂ ဦးကို တာဝန်ပေးလိုက်တယ်ခင်ဗျ။ ဒါကလည်း ဗဟိုက ဒီမိုကရေစီနည်းကျရွေးချယ် လိုက်တာ မဟုတ်ဘူး။ ဗဟိုကနေပြီးတော့ နာမည်တပ်ပြီးတော့ တာဝန်ပေးလိုက်တာ” ဟု သူက ပြောသည်။

ကော့သောင်းမြို့နယ်တွင် မြို့နှင့် ကျေးရွာ ၂၈ ရွာမှ NLD ပါတီဝင်အဖြစ် လျှောက်ထားသူ ဦးရေ ၂,၀၀၀ ကျော် ရှိကြောင်း ကိုမြင့်မောင် မောင် က ပြောသည်။

ဆန္ဒပြရာသို့ နယ်ထိန်း တပ်ဖွဲ့၊ SB သတင်းတပ်ဖွဲ့၊ စရဖ အဖွဲ့ စသည့်အဖွဲ့ပေါင်းစုံကစောင့်ကြည့်ခဲ့ပြီးဟန့်တားနှောက်ယှက်ခြင်းမရှိ ကြောင်း ဆန္ဒပြရာသို့ ရောက်ရှိခဲ့သူ တဦးက ပြောသည်။

NLD က ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ညီလာခံများ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ဗဟိုကော်မ ရှင်ကို မေလ ၁၀ ရက်နေ့က ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ကော်မရှင်တွင် ဥက္ကဌ ဦးတင်ဦး၊ အ တွင်းရေးမှူး ဦးဉာဏ်ဝင်းနှင့် အဖွဲ့ဝင်များအဖြစ် ဦး ဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးစိုးဝင်း၊ ကိုမျိုးညွန့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်၊ ဒေါ်ခင်စောမူတို့ ပါဝင်သည်။

No comments: