Saturday, June 29, 2013

သိမ်းဆည်းမြေ ပြန်ရရေး သင်္ကေတအရ လယ်သမားများ ဆန္ဒပြ

ဖြူဖြူကို

သိမ်းဆည်းမြေ ပြန်ပေးရေး ဥပေဒေကြောင့် မြေအသိမ်းခံ လယ်သမား များသည် ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နှင့် အရှေ့ဒဂုံမြို့နယ်ရှိ ဆင်းဖုံ၊ ထောက်ကြန့်နှင့် အရှေ့ဒဂုံနေရာ များ၌ အင်အား (၁၀၀) ကျော် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း လယ်သမား ခေါင်းဆောင် တစ်ဦးက ဆိုပါသည်။

“ ၃ နေရာပြတယ်။ ၂ နေရာမှာ အာဏာပိုင်တွေ ဖြေရှင်းပေးတယ်။ ကျနော်တို့ ဆန္ဒပြ ရတာကလည်း မနှစ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် သမ္မတတို့၊ ၀န်ကြီးချုပ်တို့၊ စုံစမ်း စစ်ဆေးရေးတို့ ဆီမှာ စာတင်ခဲ့တယ်။ အဲဒါကို စုံစမ်း စစ်ဆေးမှုကို လုပ်မပေးတဲ့ အပေါ်မှာ ကျနော်တို့က ဆန္ဒဖေါ်ထုတ်တဲ့ အနေနဲ့ ခွင့်ပြုချက် ယူပြီး ပြနေခြင်း ဖြစ်ပါတယ်။ ပြေလည်မှု မရရင်တော့ နောင်လည်း ဆန္ဒပြမှုကို သင်္ကေတ လုပ်ပြီး ဆက်လက် ဆန္ဒဖေါ်ထုတ် ဦးမှာပါ “ ဟု ဆင်ဖုံးကျေးရွာ လယ်သမား ခေါင်းဆောင် ဦးစံဝင်းမြင့်က ဆိုပါသည်။

ဆင်ဖုံးကျေးရွာတွင် သိမ်းဆည်းမြေ ဧက ၂၂၆.၅၀ ဧက ရှိပါသည်။ ဒဂုံ အရှေ့မြို့နယ်နှင့် ထောက်ကြံ့ကျေးရွာ တို့တွင် လယ်ဧက (၂၇၀၀) ကျော် သိမ်းဆည်း ထားပါသည်။ အဆိုပါ မြေများကို အစိုးရ တပ်ဖွဲ့များနှင့် ကုမ္ပဏီများက သိမ်းဆည်း ထားပါသည်။

ဤပြသနာကို ဖြေရှင်းရန် မေလ (၂၃) ရက်နေ့တွင် အာဏာပိုင်များသည် လယ်သမားများအား ခေါ်ယူပြီး၊ ယခင်နှစ်က တိုင်ခဲ့သည့် တိုင်းစာများ၊ စာချုပ်များနှင့် ပြေစာများကို ပထမအကြိမ် စစ်ဆေး ခဲ့ပါသည်။ မေ လ (၂၉) ရက်နေ့တွင်လည်း မြေစာရင်းရုံး၊ စုံစမ်း စစ်ဆေးရေး အမတ်များနှင့် မြို့နယ် အုပ်ချုပ်ရေးတို့က လယ်သမားတို့၏ မြေအသိမ်းခံရ သည့် စာရင်း ပြန်လည် ကောက်ခံပြီး အမည် အသက် အဘမည် မှတ်ပုံတင် ဧက ဦးပိုင် ဒသမ လက်ရှိ ဖြစ်ပေါ်နေသည့် မြေပြင်အခြေနေ များကို ပြန်လည် ဆန်းစစ်ခဲ့ပါသည်။ သို့သော် ယနေ့ထိ ထပ်မံ ဖြေရှင်းခြင်း မရှိသည့်အတွက် ဆန္ဒဖေါ်ထုတ်ရခြင်း ဖြစ်ကြောင်း လယ်သမားများက ဆိုပါသည်။

“ မနက်က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဟန်က ခေါ်မေးတယ် သူတို့ဘက်က ဒီလယ်မြေ ပြသနာကို ညှိနှိုင်းပေး မယ်လို့ ပြောတယ်။ ဒါကြောင့် မြန်မြန် စီစဉ်နိုင်အောင် ပဲခူးလမ်းကနေ အမှတ်သုံး လမ်းခွဲ နှစ်မိုင်ခန့် အထိ ငြိမ်းချမ်းစွာ ကျမတို့ ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်ကြောင်း ထောက်ကြန့် လယ်သမား ခေါင်းဆောင် ဒေါ်ခင်မာအေးက ဆိုပါသည်။

အရှေဒဂုံ မြို့နယ်တွင်လည်း ကုမ္ပဏီ နှင့် မြေအသိမ်းခံ လယ်သမားများ ညှိနှိုင်းကြရန်တိုင်း လွတ်တော်တွင် ဆုံးဖြတ်ချက် ချထားပေမယ့် ယနေ့ အချိန်ထိ ဘာမျှ မဆောင်ရွက်ပေးသည့် အတွက် လယ်သမား ရှစ်ရာခန့်တို့သည် ဆိပ်ကမ်းသာမှ ဒဂုံ တက္ကသိုလ် အထိ ငါးမိုင်ခန့် ရှိသော ခရီးကို လမ်းလျှောက် ဆန္ဒပြကြသည်ဟု ဆိုပါသည်။

“အခုလို ကျနော်တို့ လုပ်တာဟာ အာဏာပိုင်တွေက သိမ်းထားတဲ့ လယ်မြေ ဧကပေါင်း (၂၇၀၀) ကျော်ကို လယ်သမားတွေကို ပြန်ပေးရန် ဖြေရှင်းပေးဖို့ အတွက် မျှော်လင့်ချက်နဲ့ အခုလို လုပ်ရခြင်းဖြစ်တယ်။ ဒါပေမယ့် အာဏာပိုင်တွေ ဆီက ဖြေရှင်းပေးမယ့် ညှိနှိုင်းပေးမယ် ဆိုတဲ့ အသံမျိုး မကြားသေးဘူး” ဟုဆိုသည်။

ဤကဲ့သို့ ဖြေရှင်းပေးမှု မရှိသေးကြောင်း လွှတ်တော်နှင့် အစိုးရ အဖွဲ့ဝင်များ သိရှိစေရန် ဆန္ဒပြမှုကို သင်္ကေတ လုပ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မတူကွဲပြား ငြိးချမ်းရေး ပါတီ ဥက္ကဌ ဦးနေမျိုးဝေက ဆိုပါသည်။ လယ်သမားများသည် သိမ်းဆည်းမြေ ပြန်ပေးရေး ဥပဒေ အတည်ပြုထားပြီး ဖြစ်သည့်အတွက် မိမိတို့၏ အသိမ်းခံ လယ်မြေများ ပြန်ရရေးကို တရား ဥပဒေဘောင် အတွင်း ဆက်လက် ဆောင်ရွက် သွားမည်ဟု ဆိုပါသည်။

အာဏာပိုင်များ၏ လယ်မြေ သိမ်းဆည်းမှုသည် မြန်မာ တနိုင်ငံလုံး အနှံ့ တည်ရှိခဲ့ပါသည်။ ရန်ကုန်တိုင်း အတွင်း၌ပင် နှစ်ရှည် လများ ဖြစ်ပွားနေသော ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံသာ ကျေးရွာမှ လယ်သမားများ၏ မြေများ ဇေကမ္ဘာ ကုမ္ပဏီမှ သိမ်းယူ ထားခြင်းကြောင့် လယ်သမားများ မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါသည်။

စစ်တပ်သည် တစ်နိုင်ငံလုံး၌ ၄င်းတို့ သိမ်းယူထားသည့် မြေများထဲက တည်ဆောက်ရေး အစီအစဉ် ရှိတာကလွဲရင် ကျန်သည့် မြေအားလုံး ဇူလိုင်လ အတွင်း ပြန်ပေးရန် ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်က ကတိပေးသည်ဟု အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များ လိုသည်ထက် မြေသိမ်းပြီး ပြန်မပေးလိုခြင်း၊ ကုမ္ပဏီများနှင့် အာဏာပိုင်များ ပူးပေါင်းပြီး မြေသိမ်းခြင်း တို့သည်တရားမျှတမှု မရှိသည့် အတွက် ပြန်လည်ပေးအပ် သင့်ကြောင်း လွှတ်တော်မှ ဆုံးဖြတ်ပြီး ပြန်လည်ပေးအပ် ရန် ဖြစ်လာခဲ့ပါသည်။

ပြန်လည် ရရှိရေးတွင်လည်း လယ်သမားများသည် တရားဝင် လယ်သမား သမဂ္ဂဖွဲ့ရန် လိုအပ်ပါသည်။ ကျေးရွာအဆင့် လယ်သမား သမဂ္ဂများ တရားဝင် ဖြစ်လာသောအခါ ကျေးရွာချင်း သမဂ္ဂများ ပူးပေါင်းပြီး၊ တရား ဥပဒေ လမ်းကြောင်းနှင့် အညီ ရှေ့နေများဖြင့် အဆင့်ဆင့် ညှိနှိုင်းပြီး တင်ပြသွားလျှင် အောင်မြင်မည်မှာ သေချာလှပါသည်။

ဆန္ဒပြခြင်းသည်၊ ပြခွင့်ရှိသော်လည်း မြေပြန်ရရေး ကိစ္စ၌ မသက်ဆိုင်သလို ဖိအားသဘောလည်း မသက်ရောက်နိုင်ဟု ယူဆမိပါသည်။ အလုပ်များပြီး ပြသနာသာ တင်ကျန်ရစ်နေမည် ဖြစ်သည်။ ဖြစ်သင့်သည်မှာ လယ်သမားများသည် လယ်သမား အရေးကို ကာကွယ်ရန် တရားဝင် သမဂ္ဂများ ဖွဲ့စည်းပြီး အတည်ပြုထားသော ဥပဒေ လမ်းကြောင်းမှ ဆောင် ရွက်ပါက ပိုမို ထိရောက်လိမ့်မည်ဟု ယူဆပါသည်။

No comments: