ABC
မြန်မာနိုင်ငံအတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ထိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံတွင်းမှာ မူရင်းစာစောင်ရောင်းချတာတွေ၊ မိတ္တူကူးပြီး ထုတ်လုပ် ဖြန့်ချီ ရောင်းချတာတွေ၊ လက်ဝယ်ထားရှိတာတွေ မလုပ်ဖို့ မြန်မာအစိုးရက တားမြစ်ပြောဆို လိုက်ပါတယ်။
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် ထိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးကို ပိတ်ပင်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာ မွတ်စလင်ဘာသာဆန့်ကျင်ရေးကို မီးထိုးလှုံ့ဆောင်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ဗုဒ္ဓဘာသာ သံဃာတော် ဦးဝီရသူရဲ့ ပုံကို ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် အစွန်းရောက် ဗုဒ္ဓသံဃာတချို့က မွတ်စလင်တွေ ပိုင်တဲ့ ဆိုင်တွေမှာ ဝယ်ယူအားပေးတာတွေ မလုပ်ဖို့ တိုက်တွန်းတာတွေ၊ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း သင်္ကန်းဝတ်ရုံနဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေ တိုက်ခိုက်မှုမှာ ပါဝင်တယ်ဆိုတဲ့ ပြောဆိုသံတွေနဲ့ အမျိုးစောင့်ဥပဒေ ထုတ်ပြန်နိုင်ဖို့ သံဃာတော်တွေ ကြိုးစားနေတဲ့ ဆိုတဲ့ ပြောဆိုသံတွေ ထွက်ပေါ်ပြီးနောက် ထိုင်းမ်မဂ္ဂဇင်းက ခုလို ထုတ်ဝေမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။
ထိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးကို မြန်မာနိုင်ငံတွင်းမှာ ပိတ်ပင်ထားပေမယ့် အင်တာနက် အွန်လိုင်းပေါ်မှာ ပိတ်ပင်မှု လုပ်မလုပ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီဆောင်းပါးကို ပိတ်ပင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ထုတ် သတင်းစာမှာ အသေးစိတ်ဖော်ပြမယ်လို့လည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ထိုင်းမ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်တွေဟာ ဗုဒ္ဓဘာသာကို အထင် အမြင် လွဲမားစေပြီး ပြဿနာတွေ ပိုဖြစ်နိုင်စေတဲ့အတွက် ထိုင်းမ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သမ္မတရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီလို ကန့်ကွက်မှုလုပ်တာဟာ ဦးဝီရသူကို ထောက်ခံလို့ လုပ်တာ မဟုတ်ကြောင်းလည်း ဝန်ကြီးဦးရဲထွဋ်က ဧရာဝတီသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။
No comments:
Post a Comment