Saturday, June 29, 2013

သင်္ဃန်းကျွန်း မိကျောင်းကန် မူလပိုင်ရှင်များ မြေနေရာ ပြန်ယူလို

နန်းမြင့်

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁၊ ၂ နှင့် ၃ ရပ်ကွက်များမှ မူလပိုင်ရှင်များ မြေနေရာပြန်လည် ရရှိရေး အတွက် ဇွန်လ ၂၇ ရက်တွင် မဟာဗန္ဓုလပန်းခြံတစ်ပတ် စီတန်းလည့်လည် ဆန္ဒပြခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက် အပိုင်း ၁၊ ၂ နှင့် ၃ နေရာများတွင် ယခင် နေထိုင်သူများထံမှ ၁၉၉၁ ခုနှစ် စစ် အစိုးရလက်ထက်တွင် သိမ်းယူခြင်းခံရသည်ဟု ယင်းရပ်ကွက်သားများက ဆိုသည်။ ယင်းနောက်တွင် အဆိုပါမြေများကို အခွန်ပေးဆောင်၍ အခြားသူများကို သီးနှံများ စိုက်ပျိုးစေခဲ့သည်။ ထိုသူ များကိုလည်း ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က ပြောင်းရွှေ့ခိုင်းပြီး အင်အားသုံး ဖယ်ရှားခဲ့သည်။

အဆိုပါ မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးစိန်သန်းက ''ဘိုးဘွားပိုင်မြေတွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ယူသွားတဲ့ အချိန်မှာ နှစ်၂ဝ တိတိ တပ်ကိုယ်ကျိုးကို အကြောင်းပြပြီး တပ်မတော် အရာရှိကြီးအချို့က ပျိုးဥယာဉ်တွေကို ကျပ်သိန်း ၃ဝ နဲ့ ငှားရမ်းခဲ့ပါတယ်။ တပ်မ-၂၂ က သိမ်းထားတဲ့ မြေတွေကို မကြာခင် နောက်ပိုင်းမှာပဲ တပ်စည်ပင်ပိုင်ပါတယ်ဆိုပြီး ကြေငြာလိုက်ပါတယ်'' ဟု ပြောသည်။

အဆိုပါ ပြောင်းရွေ့ခံခဲ့ရသူများသည် ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ လှိုင်သာယာမြို့သစ်များတွင်မြေကွက်များ ပြန်လည် ဝယ်ယူခဲ့ရသည်။ မြို့သစ်များတွင် မဝယ်နိုင် သူများအနေဖြင့် ပဲခူးရိုးမအစပ် ပဲခူးတိုင်းရှိ အေးသုခနှင့် အေးမြသာယာ ရွာများသို့ ပြောင်း ရွေ့ခိုင်းခဲ့ရာ နေထိုင်ရ အဆင်မပြေမှုများကြောင့်သေဆုံးခဲ့သူ မြောက်များစွာ ရှိခဲ့ကြောင်း အဆိုပါ မူလပိုင်ရှင်များက ပြောသည်။

မိကျောင်းကန် နေရာပြန်လည်ရရှိရေး ကော်မတီမှ မနိုဘယ်က ''ရန်ကုန်တိုင်း စစ်ဌာနချုပ်ကဆိုရင် မိကျောင်းကန် မြေပေါ်မှာ စီးပွားရှာစားခွင့် ပြုခဲ့တာနှစ် ၂ဝ ကျော်ပါပြီ။ ဒါတွေဟာ စီးပွားရေး အကျိုးမြတ် ရရှိခဲ့ပြီး ပြီဘဲ၊ မူလပိုင်ရှင်ဖြစ်တဲ့ ဘိုးဘွားပိုင်မြေ နေ ရာကို တပ်မတ်ာမှ ပြည်သူတွေကို ငဲ့ညာပြီး ပိုင်ဆိုင်မှု အဆောက်အထားနဲ့ နေထိုင်မှုအထောက်အထားတွေကို စိစစ်ပြီး မိကျောင်း ကန် ပြည်သူတွေရဲ့ ဘိုးဘွား ပိုင်မြေတွေကို ပြန်ပေးပါလို့ တောင်းဆိုပါတယ်'' ဟု ပြော ပြသည်။

အဆိုပါ ဆန္ဒပြပွဲကို လူဦးရေ ၂ဝဝ ကျော်ဖြင့် မဟာဗန္ဓုလပန်းခြံ တစ်ပတ်လှည့်လည်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် ''မိကျောင်းကန် ၁၊ ၂၊ ၃မြေ ဘယ်သူ့မြေလဲ ငါတို့မြေ၊ ငါတို့မြေ၊ ငါတို့ ဘိုးဘွားပိုင်မြေ'' အစရှိသည့် ကြွေးကျော် သံများဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ၄င်းတို့က မြေနေရာ ပြန်ရရန်အတွက် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း သမ္မတထံ စာတင်ခဲ့သော်လည်း အကြောင်းမထူးသေးဟု ဆိုသည်။

No comments: