Wednesday, June 26, 2013

ထွန်တုံး တိုက်ပွဲ လှုံ့ဆော်သူဟု စွပ်စွဲ ဖမ်းဆီးခံရ သူများ စီရင်ချက် မချပဲ ရုံးချိန်းရွှေ့

ရွှေဟင်္သာ

ပဲခူးတိုင်း ဒေသကြီး နတ်တလင်း မြို့တွင် ထွန်တုံး တိုက်ပွဲ ဖြစ်လာစေရန် သွေးထိုး လှုံ့ဆော်ခြင်း အကြောင်း ပြချက်ဖြင့် ဖမ်းဆီး ထားသူ (၃) ဦးကို ယမန်နေ့ ဇွန်လ (၂၅) ရက်နေ့၌ နတ်တလင်း တရားရုံး၌ ရုံးထုတ် စစ်ဆေး ခဲ့ကာ စီရင်ချက် ချခြင်း၊အာမခံ ပေးခြင်း မရှိပဲ ရှေ့လ ရုံးချိန်းသို့ ထပ်မံ ချိန်းဆို လိုက်ကြောင်း ကြားနာမှုကို တက်ရောက် နားထောင်ခဲ့သည့် ဒေသခံ တစ်ဦး ဖြစ်သူ ဒေါ်ခင်ဝိုင်းမှပြောပါသည်။

“ပုဒ်မ ကလည်း မနေ့ကမှ တပ်တာ မောင်သန့်ဇင်ထက်ကို ပုဒ်မ (၆) ရယ် ပုဒ်မ (၁၈) ရယ်နှစ်ခုနဲ့ပေါ့၊ ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်မိမိခိုင် ကိုတော့ ပုဒ်မ (၆) ပေါ့။ အာမခံလည်း တင်ပါတယ်၊ အာမခံမယ့် လူတွေလည်း အဆင်သင့် စောင့်နေတယ်၊ ဒါပေမယ့် အာမခံကို ရှေ့အပတ်ရုံးချိန်း ကြမှ စဉ်းစားမယ် ဆိုပြီး ရွှေ့လိုက်တယ်” ဟု ဒေါ်ခင်ဝိုင်းက ပြောသည်။

နောက်အပတ် ရုံးချိန်းအား လာမည့် ဇူလိုင်လ (၂) ရက်နေ့သို့ ထပ်မံ ချိန်းဆိုထားကာ ရှေ့အပတ် ရုံးချိန်း၌ အာမခံ ပေးရေး မပေးရေးကို စဉ်းစား မည်ဟု ဆိုသည်။သို့သော်လည်း တရားရုံး ဘက်မှ ပုဒ်မ (၆) သည် အာမခံ မရနိုင်သည့် အမှုဖြစ်သည်ဟုထုတ်ဖော် ပြောဆို ထားပြီး သုံးဦး စလုံးမှာ ပုဒ်မ (၆) ဖြင့် အသီးသီး ဖမ်းဆီး ခံထားရပါသည်။

မိထ္တီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ရန်ကုန်မြို့မှ ဒေါ်မိမိခိုင်နှင့် နတ်တလင်းမြို့ ဇီးဖြူကွင်း ကျေးရွာမှ အင်္ဂလိပ် ဘာသာ အထူးပြု ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား မောင်သန့်ဇင်ထက်တို့ သုံးဦးသည် ပေါင်းတည်မြို့ ထောင်ချုပ်၌ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့မှ စတင် ဖမ်းဆီးခဲ့ပြီး ပေါင်းတည် ထောင်ချုပ်၌ရမန်ကြီး တစ်ပတ် အကျဉ်း ချထား ခဲ့ကာ ယမာန်နေ့က ရုံးထုတ် စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

ရုံးထုတ် ချိန်၌လည်း လုံခြံရေး ရဲဝန်ထမ်းများ အပြင် မီးသတ်တပ်ဖွဲ့ဝင်များကိုပါ ချထား ခဲ့သည်ဟု တရားရုံး ကြားနာ မှုကို တက်ရောက် နားထောင်ခဲ့သူအခြား တစ်ဦးမှ ပြောသည်။

“မိန်းမသား နှစ်ယောက်နဲ့ တက္ကသိုလ် ကျောင်းသားလေး တစ်ယောက်ကို ရုံးထုတ် လာတာ တစ်ကယ့် ရာဇဝတ်မှု တရားခံ တွေလိုပဲ၊ အမှန်က အင်အား အဲလောက် မလိုပါဘူး၊ အင်အား အလွန်အကျွှံ့ ချထားသလို ဖြစ်နေတယ်” ဟု ဆိုပါသည်။

ယမာန်နေ့ ရုံးချိန်းသို့ ဒေသခံ လယ်သမား များနှင့် စိတ်ပါဝင်စားသည့် ဒေသအသီးသီးမှ ပုရိသတ်ပေါင်း (၁၀၀) ကျော်ခန့် တက်ရောက် နားထောင် ခဲ့ကြပါသည်။

၎င်းတို့ (၃) ဦးသည် နတ်တလင်း မြို့နယ် ချောင်းကမ်းကြီးနှင့် သဲမခန်း ကျေးရွာ အုပ်စု၌ ရှိသော သက်ကြီးကုန်း ကြိုးဝိုင်းမှ လယ်မြေ များကို ဦးရင်ကြည် ဦးဆောင်သော ဒေသခံ လယ်သမား (၁၀၀) ကျော်က ထွန်တုံး တိုက်ပွဲ ဆင်နွှဲရန် ကမကထ ပြုခဲ့သူများဟု စွပ်စွဲကာ ဖမ်းဆီး ချုပ်နှောင် ခဲ့ခြင်း ဖြစ်သည်။

ဖော်ပြပါ ကျေးရွာ များမှ မြေဧက ၁၄၀ ခန့် ရှိသော လယ်ယာ မြေကို အင်းမ အခြေစိုက် တပ်မ (၆၆) လက်အောက်ခံ ခမရ ၅ မှ ဧက ၁၀၀ သိမ်းယူ ထားပြီး ဧက ၄၀ မှာ နတ်တလင်း မြို့ရှိ ရဲများ တို့က လယ်ပိုင်ရှင် (၅၂) ဦးထံမှ သိမ်းယူ ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော် ကလည်း လယ်ယာမြေ သီးစား ချထားရေး ဥပဒေအား ရုပ်သိမ်း ခဲ့ပြီး ဖြစ်သလို ဇန္န၀ါရီလ ၂၈ ရက်နေ့က ပြုလုပ်သော လယ်ယာမြေ စုံစမ်းရေး ကော်မရှင် နှင့် စစ်ထောက် ချုပ်ရုံး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ၁/ ၂၀၁၃ တွင်လည်း လယ်သမား များအား အခကြေးငွေ လုံးဝ မယူရဘဲ အခမဲ့ လုပ်ကိုင်ခွင့် ပေးရန်၊ တိကျစွာ ညွှန်ကြား ခဲ့ပြီး ဖြစ်သည်။

မလိုက်နာ သူများကို တပ်စည်းကမ်း အတိုင်း အရေးယူလျှက် ရှိကြောင်းနှင့် အပိုဒ်ခွဲ (ခ) တွင် စိုက်ပျိုး မွေးမြူရေး အတွက် သိမ်းယူ ထားသော မြေများကို မူလ ပိုင်ရှင် များသို့ ပြန်လည် ပေးအပ်ရန် စသည်ဖြင့် ညွှန်ကြား ထားသည်။

No comments: