ABC
မြန်မာနိုင်ငံက ဆက်သွယ်ရေးကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ရတဲ့ နိုင်ငံခြားကုမ္ပဏီတွေရဲ့စာရင်းကို ထုတ်ပြန်ကြေညာဖို့အစီအစဉ်ဟာ ကြန့်ကြာသွားနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအခွင့်အရေးတွေ ရလာနေချိန်မှာပဲ ဆက်သွယ်ရေး ကဏ္ဍမှာလည်း နိုင်ငံခြားက ဝင်ရောက်ရင်းနှီးမြုပ်နှံလိုတဲ့ ကုမ္ပဏီတွေရှိနေပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လျောက်ထားခဲ့ရာမှာ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီစာရင်းကို ဒီကနေ့မှာ ကြေငြာသွားဖို့ရှိနေပေမယ့် မြန်မာ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဆိုပြုချက်တစ်ခုကြောင့် ကြန့်ကြာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေ ထွက်လာတာဖြစ်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာနိုင်ငံခြားကကုမ္ပဏီတွေ လာရောက်လုပ်ကိုင်တဲ့အခါ မြန်မာနိုင်ငံ သားတွေထူထောင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မယှဉ်ပြိုင်နိုင်ပဲ နစ်နာဆုံးရှုံးနိုင်တဲ့ အကြောင်း ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးလှမျိုးဆွေရဲ့ တင်သွင်းချက်ကို လွှတ်တော်က အတည်ပြုခဲ့တဲ့အတွက် အခုလို ယူဆနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စုစုပေါင်းလူဦးရေ သန်း ၆၀ ထဲမှာ မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူဦးရေဟာ ၆ သန်းထက် နည်းနေသေးပေမယ့် ဆက်သွယ်ရေးကဏ္ဍမှာ အစိုးရချုပ်ကိုင်မှုလက်လွှတ်လိုက်တာနဲ့ ၃ နှစ်တာကာလအတွင်းမှာပဲ မိုဘိုင်းဖုန်းသုံးစွဲသူဦးရေ ၈၀ ရာခိုင်နှုန်းအထိတိုးလာနိုင်တဲ့အတွက် နိုင်ငံခြားဆက်သွယ်ရေးလုပ်ငန်းကြီးတွေအတွက် သွားရည်ယိုချင်စရာဖြစ်နေတယ်လို့ AFP သတင်းဌာနက သုံးသပ်ထားပါတယ်။
ဆက်သွယ်ရေးကဏ္ဍမှာ အစိုးရထိန်းချုပ်မှုလျော့ပြီး ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုတွေ များလာတဲ့အခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ဘယ်လိုအခန်းဏ္ဍမှာ ဆက်ပြီးရပ်တည်သွားမလဲဆိုတာ မရှင်းမလင်းဖြစ်နေဆဲပဲလို့လည်း ဆိုပါတယ်။
ဆက်သွယ်ရေးလုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်တာနဲ့ အရင်က မြန်မာနိုင်ငံက အင်တာနက်ဆက်သွယ်ရေးအတွက် ဝန်ဆောင်မှုပေးခဲ့ရာမှာ အကြီးမားဆုံး ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ခဲ့တဲ့ ရတနာပုံတယ်လီကွန်းဟာ သေးငယ်တဲ့ဝန်ဆောင်မှုသဖွယ်သာဖြစ်နေလိမ့်မယ်လို့လည်း ဆိုပါတယ်။
No comments:
Post a Comment