Sunday, June 30, 2013

၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

နိရဉ္စရာ

ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းသို့ ရောက်မလာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။

ဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်ကျေးရွာ တောင်ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင် မူလတန်းပြ ဆရာမ ဒေါ်ကြည်ကြည်ရွှေသည် မူလတန်း ဆရာမအဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင်ခံခဲ့ရသည့် (၁၁) နှစ် အချိန် ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းကို မရောက်လာခဲ့ကြောင်း ဖေါ်ပြသည်။

ယခု ကျောင်းမှာလည်း မူလတန်း အဆင့်မှ မူလွန်ကျောင်း အဖြစ်သို့ တိုးမြှင့်ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

တိုင်ကြားသည့် စာထဲတွင် တောင်ကုတ် မြို့နယ် ဘူးရွှေမော် ကျေးရွာ မူလွန်ကျောင်းကို ယခုအခါ ဖွင့်လှစ် သင်ကြားနေပါကြောင်း၊ ဆရာကြီိး အဆက်ဆက် ပြောင်းခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဆရာကြီးမှာ ဦးမြင့်ဆွေ ဖြစ်ပါကြောင်း၊ မူလတန်း ဆရာမများမှာ ဒေါ်အေးအေးနိုင်၊ ဒေါ်ခင်မာလွင်၊ ဒေါ်စန္ဒာစိုး တို့ ဖြစ်ကြပြီး အ.လ.ပြ ဆရာမများမှာ ဒေါ်ညိုကြည်၊ ဒေါ်သန်းသန်းဆွေ၊ ဒေါ်ကြည်ကြည်ရွှေ တို့ ဖြစ်ပါကြောင်း၊ ယခုအခါ မောင်တောမြို့နယ်မှ အလပြ ဆရာ တစ်ဦးဖြစ်သူ ဦးတင်မြင့်မှာ ဘူးရွှေမော် မူလွန်ကျောင်းတွင် တာဝန်ကျသည်ဟု သိရပါကြောင်း၊ ယင်းသို့ တာဝန်ထမ်းဆောင်ရမည့် ဆရာ/မများအနက် မောင်တောမြို့နယ်မှ ဆရာဦးတင်မြင့်မှာ ယခုတိုင် ရောက်လာခဲ့ခြင်း မရှိသေးပါကြောင်း၊ ထို့အတူ မူလတန်းကျောင်း ဘ၀ကပင် မူလတန်းပြ ဆရာမအဖြစ် တာဝန်ကျနေသူ ဆရာ မဒေါ်ကြည်ကြည်ရွှေမှာလည်း ယခု အလပြ ဆရာမ အဖြစ် ရာထူးတိုးပြီး ယခု ကျောင်းမှာလည်း မူလွန်ကျောင်း ရသည် အထိ တစ်ကြိမ်မှ ကျောင်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ကျောင်းမရောက်သည် မှာ(၁၁)နှစ်ကျော်မျှပင် ရှိနေပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။

ဘူးရွှေမော်ကျေးရွာမှ ကိုသန်းဋ္ဌေး (အမျိုးသား မှတ်ပုံတင် အမှတ် ၁၁/တကန(နိုင်)၀၇၂၀၉၄) ကလည်း ဒေါ်ကြည်ကြည်ရွှေ အနေဖြင့် ကျောင်းမတက်ဘဲ လစဉ်လတိုင်း ပြည်သူ့အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲ ဖြစ်ကြောင်း ပြောဆိုသည်။

“ ဘူးရွှေမော်ရွာ မူလွန်ကျောင်းမှာ ဒေါ်ကြည်ကြည်ရွှေ တာဝန်ကျပါတယ်။ ဒါပေမယ့် ယနေ့ အချိန် ၂၀၁၃ အထိ အဲဒီဆရာမဟာ ဘူးရွှေမော်ရွာကို တစ်ကြိမ် တစ်ခါမှ ခြေတစ်ဖ၀ါး မချဘူး သေးပါဘူး။ အင်မတန့်- အင်မတန် အံ့သြဖွယ်ရာ ဖြစ်ရပ်ကြီး ပါပဲ။ ဆရာမကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာ ကျောင်း ကော်မတီမှ ရပ်မိရပ်ဖများဟာမြို့နယ်ပညာရေးမှုးနဲ့ သွားရောက်ာ တွေ့ဆုံတိုင်း မေးမြန်းပေမယ့် အော်ဟောက် ကြိမ်းမောင်းခြင်းကို ခံကြရပါတယ်။ ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မြို့နယ် ပညာရေးမှုးကို ပြန်မပြောရဲရှာဘဲ ရွာပြန်ခဲ့ကြရတာဟာလည်း နှစ်စဉ်လိုလိုပါပဲ။ ဆရာမကတော့ လစဉ် လတိုင်း ပြည်သူ့ အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲပါ။ ယခုလို ပြည်သူ့အခွန်ဘဏ္ဍာကို မတော် မတရား လိမ်လည် စားသောက်နေသူကို အမြန်ဆုံးအရေးယူပေးပါရန် တောင်းဆို လိုက်ပါတယ် ခင်ဗျား” ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရည် မြင့်မားရေး ကြိုးပမ်းနေသည့် ကာလတွင် ကလေးငယ်များ၏ ပညာရေးကို ထိခိုက်မခံနိုင်သဖြင့် အဆိုပါ ဆရာ ဆရာမများနေရာတွင် အခြားဆရာ ဆရာမများနှင့် အစားထိုးခန့်အပ်ရန် ကျေးရွာသားများက တောင်းဆိုထားကြောင်း သတင်း ရရှိသည်။

No comments: