Saturday, June 29, 2013

ကျောက်တော်မြို့နယ် ခမီး တိုင်းရင်းသား လယ်သမားများကို စစ်တပ်က တရားစွဲ

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ခမီး တိုင်းရင်းသား တောင်သူ လယ်သမား (၄) ဦးအား စစ်တပ်က တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

တရားစွဲရခြင်းမှာ စစ်တပ်က သိမ်းထားသော လယ်ဧက ၁၃၂ ဧက ပေါ်တွင် လယ်တက်ထွန်၍ ဖြစ်ကြောင်း လယ်သမားများက ပြောသည်။

တရားစွဲခံရသူ လယ်သမားများမှာ ကျောက်တော်မြို့နယ် အုတ်တောင်ပြင် ကျေးရွာမှ ခမီး အမျိုးသားများ ဖြစ်ကြသော ဦးမောင်ရွှေလှ၊ ထွန်းစံဖြူ၊ ဦးကျော်အေး၊ ဦးစောလှတို့ ဖြစ်ကြသည်။

သူတို့အား မေလ ၈ ရက်နေ့က စတင်တရားစွဲဆိုခဲ့ပြီး ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် အမူကို စတင်ကြားနာ စစ်ဆေးခဲ့သည်ဟု အုတ်တောင်ပြင် ကျေးရွာမှ လယ်သမား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ မနေ့က တရားရုံးမှာ အမူ စစ်တဲ့ အတွက် ဦးမောင်ရွှေလှနဲ့ ဦးထွန်းစံဖြူတို့ သွားကြပါတယ်။ ကျန်တဲ့ လူနှစ်ဦးဖြစ်တဲ့ ဦးကျော်အေးနဲ့ ဦးစောလှတို့က ကျန်းမာရေး မကောင်းတဲ့ အတွက် မသွားနိုင်ပါဘူး။ ဒါကြောင့် အမူကို မစစ်ဆေးဖြစ်လိုက်ပါ” ဟု ဆိုသည်။

ကျောက်တော်မြို့နယ် အုတ်တောင်ပြင်နှင့် ပြိန်းချောင်းမှ လယ် ၁၃၂ ဧက ကို ကန်စောက် အခြေစိုက် ခမရ ၅၃၉ က တစ်စုံတစ်ရာ တပ် အဆောက်အဦးဆောက် လုပ်ရန် မဟုတ်ဘဲ တပ် စိုက်ပျိုးမြေလုပ်ရန် ယခင် ပြည်ထဲရေး ၀န်ကြီး ဦးမောင်ဦး၏ အမိန့်ဖြင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းက သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

အများစု လယ်မြေများမှာ ခမီးတိုင်းရင်းသားများ၏ လယ်မြေများ ဖြစ်ကြပြီး အများစုမှာ လယ်သိမ်းခံရသဖြင့် အလုပ်အကိုင်မဲ့ကာ အထူး ဒုက္ခရောက်နေကြသည်ဟု ဆိုသည်။

“ လယ်သမား ၂၀ ခန့်က လုံးဝ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ ကလေးတွေကိုတောင် ကျောင်းမထားနိုင်တဲ့ အထိ လုံးဝကို အခြေအနေဆိုးသွားပါတယ်” ဟု ပြိန်းချောင်းရွာက ဦးအောင်လိုင်ဝင်းက ပြောသည်။

သို့အတွက် လယ်သမား ၂၈ ဦးက ယခုလ ၂၃ ရက်နေ့ကလည်း အသိမ်းခံ လယ်များပေါ်တွင် ကျွဲနွားများဖြင့် လယ်တက်ထွန်ကြရာ ခမရ ၅၃၉ မှ ဒုအရာခံဗိုလ် သောင်းလှ ဦးဆောင်သော စစ်သား ၂၀ ခန့်က လာရောက်ဟန့်တားသဖြင့် ပြဿနာ ဖြစ်ပွားခဲ့ရာ နောက်တစ်နေ့တွင် ရခိုင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးသာလူချေဦးဆောင်သော အစိုးရ တာဝန်ရှိသူများက လာရောက် ဖြေရှင်းခဲ့ရသည်။

ဝန်ကြီး ဦးသာလူချေအား နိရဉ္စရာမှ မေးမြန်းရာ ယခုလို ဖြေကြား ပြောဆိုသည်။

“ အခုလယ်တွေက အရင်က လယ်သမားတွေ ပိုင်ဆိုင်ခဲ့တဲ့ မြေဖြစ်ပေမယ့် အခုတော့ စစ်တပ် လက်ထဲကို တရားဝင် ရောက်သွားပြီ။ နိုင်ငံတော်ကလည်း စစ်တပ်ပိုင် မြေဖြစ်တယ်ဆိုတာ အသိအမှတ် ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဒီမိုကရေစီ ရခါစ ပွင့်လင်းလာတဲ့ အချိန်မျိုးမှာ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ လယ်ယာမြေနဲ့ တစ်ခြားမြေများ စုံစမ်းရေး ကော်မရှင်ကို တင်ပြပြီး ဥပဒေ ဘောင်အတွင်းကသာ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။ လယ်သမားတွေကိုလည်း ကျွန်တော်က ဒီအတိုင်း ပြောခဲ့ပါတယ်” ဟု ဆိုသည်။

ရခိုငပြည်နယ် တွင် စစ်တပ်နှင့် တခြား ဌာနဆိုင်ရာများမှ သိမ်းထားသော လယ်ဧက သောင်းချီ၍ ရှိနေပြီး လယ်သမားများက တိုင်ကြားမူကြောင့် လွှတ်တော်က ဖွဲ့စည်းပေးထားသော ဒုတိယ ဗိုလ်မှူးကြီး စောရွှေ ဦးဆောင်သော လယ်ယာမြေနှင့် တစ်ခြားမြေများ စုံစမ်း စစ်ရေး ကော်မရှင်မှ သုံးကြိမ်တိုင်တိုင် လယ်ယာမြေများကို လာရောက်စစ်ဆေးခဲ့သော်လည်း ယနေ့ထက်ထိ တစ်စုံတစ်ရာ ထူးခြားမူ မရှိသေးကြောင်း သိရသည်။

ယခုနောက်ဆုံး ရရှိသော သတင်းအရ တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများအနက် လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းမြေများမှအပ ကျန်လယ်ယာမြေ အားလုံးကို ဇူလိုင်လအတွင်း မူလ ပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှု စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးလှဆွေက ပြောကြောင်း The Voice weekly တွင် ဖေါ်ပြထားသည်။

No comments: