Sunday, June 30, 2013

ရှိကောင်း၊ မရှိကောင်း ကယားပြည်နယ်တံတား

ဒေလီထက်


ကယားပြည်နယ် လွိုင်ကော်မြို့ကနေ ထိုင်းနယ်စပ်ကို ထွက်လာဖို့ မနက် ၆ နာရီကတည်းက စီစဉ်ထားပေမယ့် မိုးအရမ်းရွာနေလို့ မနက် ၉ နာရီလောက်မှ ထွက်ဖြစ်တယ်လို့ ခရီးသွားလာနေတဲ့ ခူစေးရယ်စိုးက ပြောပါတယ်။

ခရီးသည် ၁၂ ယောက်နဲ့အတူ ကား ၂ စီးနဲ့ ထွက်လာကြပြီး ရှားတောမြို့ကိုရောက်တော့ သံလွင်မြစ်ကို ကားနဲ့ ဖြတ်ကူးဖို့ ရှားတောမှာရှိတဲ့ ဗျူဟာတပ်ကို အကြောင်းကြား ခွင့်ပြုချက်ယူရပါတယ်။ အဖွဲ့အစည်းကားကြုံနဲ့ သွားရတော့ ဘယ်နေရာမှာ လက်မှတ်ယူဖို့လိုလဲ၊ ဘယ်လိုခွင့်ပြုချက် ယူပြီးတော့ သွားရမလဲဆိုတဲ့ လုပ်ငန်းသဘောတရားကို သိကြတယ်လို့ ခူစေးရယ်စိုးက ပြောပါတယ်။

“ရိုးရိုးခရီးသည်တွေအတွက်ဆိုရင်တော့ အခက်အခဲရှိတယ်။ ဘယ်နေရာမှာ လက်မှတ်ယူရမလဲ။ အခုသူတို့ သိထားတာက ဆက်ဆံရေးရုံးရဲ့ လက်မှတ်လောက်ပဲပေါ့နော်။ တခါတလေ စက်လှေက ကူးပေးချင်တဲ့အချိန်မှ ကူးပေးတယ်။ သူတို့ ဗျူဟာရုံးကို အကြောင်းမကြားဘူး ဆိုလို့ရှိရင် စက်လှေကို လုံးဝမကူးပေးဘူး။ ဆိုတော့ အဲဒီအခြေအနေမှာ ခရီးသည်တွေက သံလွင်မှာအိပ်ရတယ်။ ၁နာရီထက်မက ၄ နာရီလောက်ထိစောင့်ရမယ်။ သို့မဟုတ်ရင်လည်း အကယ်၍ စက်မကူးဘူး ဆိုလို့ရှိရင် သူတို့အဲဒီမှာအိပ်ရမယ်။ နောက်တစ်မနက်မှ ပြန်ကူးရတယ် အဲလိုရှိတာပေါ့။”


တခါတလေ အဖွဲ့အစည်းကားနဲ့ သွားတယ်ဆိုပေမယ့် မိုးကြီးလို့ ရေတက်မယ်ဆိုရင် စက်လှေ မကူးပေးတာတို့လည်း ရှိပါတယ်။ အဲဒီအပြင် မိုးတွင်းကာလကို ရောက်လာပြီဆိုရင် ကားခလည်း တဖြည်းဖြည်း တက်လာပါပြီ။ သာမာန်အချိန်တွေ ဆိုရင် ၅ သောင်းသာရှိပေမယ့် မိုးတွင်းကာလကို ရောက်လာပြီဆိုရင် ၈ သောင်းလောက်ထိ တက်ပါတယ်။

အခုလို ခရီးသည်တွေအတွက် ခရီးသွားလာမှု အခက်အခဲရှိနေလို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် ဖားဆောင်းမြို့နယ်မှ သံလွင်မြစ်ကူးတံတားတည်ဆောက်နေတာနဲ့ ပတ်သက်ပြီး အငယ်တန်း အင်ဂျင်နီယာ နှင့် မြို့ပြ တာဝန်ယူထားသူ ဦးမြင့်ကိုက အခုလို ပြောပါတယ်။

“တံတားကို ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီဒေသရဲ့ ဖွံ့ဖြိုးမှု နှင့် လမ်းပန်းဆက်သွယ်ရေး ချောမွေ့ဖို့ နဲ့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းပြီးတော့ ဒီကနေ အထွက်မှာ တောင်ငူဖက်ကို သွားနိုင်တဲ့ လမ်းပန်းချောမွေ့သွားမှာ အဲဒီ ရည်ရွယ်ချက်နဲ့ ဆောက်တာပေါ့၊ ဘယ်သူမှ ကန်ထရိုက်မယူဘူး၊ ဒီမှာကတော့ အခု ဆောက်လုပ်ရေးဝန်ကြီးဌာန ကနေ တာဝန်ယူပြီးဆောက်လုပ်ထားတာ”

တံတားပြီးစီးသွားပြီဆိုရင် ထိုင်းနဲ့မြန်မာ ကုန်ကူးသန်းသွားလာရေးအတွက် နယ်စပ်လမ်းတခု ဖြစ်လာမှာဖြစ်ပြီး ဖားဆောင်း မှ မယ်စဲ ဒေသခံအတွက်လည်း သွားလာရ လွယ်ကူသွားမှာ ဖြစ်ပါတယ်။

တံတား ဆောက်လုပ်ပေးဖို့အတွက် ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ စိတ်သဘောထားကိုလည်း ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်ညိုစန်းက အခုလို ပြောကြားသွားပါတယ်။

“တောင်းဆိုထားတာ ကြာပြီ၊ အခုလို ဆောက်ပေးတာ ၀မ်းသာတာပေါ့၊ အခုက တံတားမရှိလို့ရှိရင် မယ်စဲ သွားမယ်ဆိုရင် အခက်အခဲရှိမယ်၊ ဆိုင်ကယ်ကို စက်လှေနဲ့ကူးမယ်ဆိုရင် မ, တင်အုံး ချအုံးနဲ့ အခုက အကုန်အဆင်ပြေပြီ”

တံတားကို တိုင်းဒေသ ရန်ပုံငွေ နဲ့ အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်ထားပြီး ခန့်မှန်းခြေအရ ကုန်ကျစရိတ် သန်း လေးထောင်ငါးဆယ် ကုန်ကျမှာဖြစ်ပါတယ်။ တံတားက (၁)နှစ်ခွဲ စီမံကိန်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် (၂)လ ပိုင်းမှ ဆောက်လုပ်ရေး လုပ်ငန်းဝန်ကြီး ဌာနက စတင် တာဝန်ယူ ဆောက်လုပ်ပေးနေပါတယ်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း အပြီး တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဌာနက ပြောပါတယ်။ အခုချိန်မှာတော့ ၄၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးသွားပါပြီ။

တံတားပြီးစီးသွားပြီ ဆိုရင် အရင်ကလို တစ်နာရီစောင့်၊ နှစ်နာရီစောင့်ရတာတွေ၊ စက်လှေနဲ့ သွားရတာတွေ မလုပ်ရတော့ပဲ တိုက်ရိုက်လွယ်ကူစွာ သွားလာနိုင်မှာ ဖြစ်သလို တကယ့်အပစ်အခတ်ရပ်စဲရေး အခြေအနေက ခိုင်မာမှုရှိပြီလား မရှိသေးဘူးလား ခန့်မှန်းလို့မရတဲ့အခြေအနေမျိုးမှာ စဉ်းစားစရာ အချက်တွေလည်း ရှိနေသေးတယ်လို့ ခရီးသွား ခူစေးရယ်စိုးက ပြောပါတယ်။

“စစ်ရေးနည်းဗျူဟာအရ ကြည့်မယ်ဆိုလို့ရှိရင် တဖက်အတွက် အန္တာရယ်ရှိတယ်။ အထူးသဖြင့် လမ်းတွေ တံတားတွေ လုပ်တာက အခုချိန်မှာ ကျတော်တို့ ပြောလို့ရတာက ခရီးသွားတွေအတွက်၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေအတွက် ပြောပေမယ့်လို့ ကယားပြည်နယ်မှာ လမ်းတွေ တံတားတွေက စစ်တပ်ရဲ့ လှုပ်ရှားမှုက ပိုပြီးတော့ အသုံးချတယ်။ ရိက္ခာပို့တာပဲဖြစ်ဖြစ်၊ လက်နက်ခဲယမ်းတွေ ပို့တာပဲဖြစ်ဖြစ်၊ စစ်ရေးလှုပ်ရှားမှုတွေက ပိုများတယ်။ ပြည်သူတွေ အတွက်တော့ အကျိုးရှိတယ်လို့ နာမည်နာမ ထွက်လာတယ်ပေါ့နော်။ ဒါပေမယ့် တကမ်းတမ်းတော့ တပ်တွေပဲ အသုံးပြုတယ်ဆိုလို့ရှိရင် ငါတို့အတွက် အန္တာရယ်မရှိနိုင်ဘူးလားပေါ့ ကေအဲန်ပီပီဘက်က စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိတယ်ပေါ့။ နှစ်ခုစဉ်းစားဖို့ လိုတယ်ပေါ့”

ဖားဆောင်းမြို့နယ်မှာ တည်ဆောက်မယ့် တံတားဟာ ကရင်နီပြည် သံလွင်မြစ်အတွင်း ပထမဦးဆုံးအကြိမ် တည်ဆောက်တဲ့ တံတားဖြစ်ပါတယ်။

No comments: