Thursday, June 27, 2013

ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် အခမ်းအနား မြန်မာမှာ ပထမအကြိမ်ကျင်းပ

ABC

မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီလုပ်ရှားရေးကျောင်းသားသမိုင်းမှာ ​ပထမဦးဆုံး ​ကြိုးမိန့်ပေးခံခဲ့ရတဲ့ ​ဆလိုင်း ​တင်မောင်ဦး ​ကျဆုံးခြင်း ​၃၇ ​နှစ်မြောက် ​အောက်မေ့ဖွယ်အခမ်းအနားကို ​စစ်ကိုင်းတိုင်း ​ကလေးမြို့နဲ့ ​အိန္ဒိယနိုင်ငံ ​နယူးဒေလီမြို့ ​တွေမှာဇွန်လ ​၂၆ ​ရက်နေ့က ​ကျင်းပခဲ့ကြပါတယ်။

ဆလိုင်း ​တင်မောင်ဦး ​ရဲ့အောက်မေ့ဖွယ်အခမ်းအနားကို ​နှစ်ပေါင်း ​၃၀ ​ကျော်အတွင်း ​မြန်မာနိုင်ငံထဲမှာ ​ပထမဆုံးအကြိမ် ​ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ​ကလေးမြို့မှာ ​ကျင်းပခဲ့တဲ့ ​အခမ်းအနားနဲ့ ​ပတ်သက်ပြီး ​ဦးဆောင်ကျင်းပခဲ့တဲ့ ​ချင်းကျောင်းသား ​ခေါင်းဆောင် ​တစ်ဦးက ​အခုလို ​ပြောပါတယ်။

“စစ်အာဏာရှင်စနစ်အောက်မှာပေါ့ ​ကြိုးပေးခံခဲ့ရတဲ့ ​အာဇာနည်တစ်ယောက်ကို ​ဂုဏ်ပြုတဲ့အနေနဲ့ ​ကျောင်းသားတွေ ​လူငယ်တွေကြားမှာ ​အာဏာရှင် ​အဆက်ဆက် ​တိုက်ပွဲဝင်ခဲ့တဲ့ ​အာဇာနည် ​တစ်ဦး ​ကို ​ဂုဏ်ပြုခြင်းအားဖြင့် ​ခေတ်အဆက်ဆက် ​အာဏာရှင်ကို ​လက်မခံတဲ့ ​ကျောင်းသားတွေအဖြစ် ​သိနေကြဖို့ ​လုပ်ခဲ့တာ ​ဖြစ်ပါတယ်။”


အိန္ဒိယနိုင်ငံ ​နယူးဒေလီမြို့မှာ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​အခမ်းအနားနဲ့ ​ပတ်သက်ပြီး ​နယူးဒေလီ ​အခြေစိုက် ​ချင်းကျောင်းသား ​သမဂ္ဂခေါင်းဆောင် ​ကို ​ဆန်နှင်းလျန် ​က ​သတင်းထောက်တွေကို ​အခုလို ​ပြောပါတယ်။

“ဂုဏ်ပြုတဲ့အနေနဲ့ ​ဒီကျနော်တို့ ​မြန်မာပြည် ​ပြည်တွင်းမှာဖြစ်ဖြစ်၊ ​ဒီ ​ပြည်ပမှာ ​သူ့ရဲ့အကြောင်းကို ​သိပ်ပြီးတော့ ​မသိတဲ့လူတွေအများ ​ကြီးရှိတယ်၊ ​ဒါကို ​Awareness ​ပရိတ်စင်း ​ကို ​ဦးထိပ်ထားခြင်းနဲ့ ​ကျင်းပရခြင်း ​ဖြစ်တယ်။”

သတ္တဗေဒ ​ကျောင်းသားတစ်ဦးဖြစ်တဲ့ ​ချင်းအမျိုးသား ​ကျောင်းသားခေါင်းဆောင် ​ဆလိုင်း ​တင်မောင်ဦး ​ဟာ ​၁၉၇၄ ​ခုနှစ် ​ဦးသန့်အရေးအခင်းနဲ့ ​မိုင်းရာပြည့်အရေးအခင်းတွေမှာ ​လှုပ်ရှားခဲ့တဲ့ ​ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ​အဲ့ဒီလှုပ်ရှားမှုတွေကြောင့် ​၁၉၇၆ ​ခုနှစ် ​ဇွန်လ ​၂၆ ​ရက်နေ့ ​မှာ ​ဦးနေ၀င်း ​အစိုးရရဲ့ ​ကြိုးမိန့်ပေး ​ခံခဲ့ရသူတစ်ဦး ​ဖြစ်ပါတယ်။ ​ဆလိုင်း ​တင်မောင်ဦးဟာ ​အရှို ​(ချင်း) ​တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်။

ဆလိုင်းတင်မောင်ဦးကို ​သူ့ရဲ့နောက်ဆုံးစကားဖြစ်တဲ့ ​“မင်းတို့ ​စစ်ဖိနပ် ​အောက်မှာ ​ငါဘယ်တော့မှ ​ဒူးမထောက်ဘူး။ ​မင်းတို့ ​ငါ့ခန္ဓာကို ​သတ်လို့ရပေမယ့် ​ငါ့ခံယူချက်နဲ့ ​စိတ်ဓာတ်ကိုတော့ ​ဘယ်တော့မှ ​သတ်လို့မရဘူး” ​ဆိုတဲ့ ​ကြိုးစင်ပေါ်မတက်ခင် ​ပြောခဲ့စကားနဲ့ ​လူသိများခဲ့တဲ့ ​ကျောင်းသား ​ခေါင်းဆောင် ​တဦးဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ ​ထားပါ ​တယ်။

No comments: