Friday, June 28, 2013

ဆက်သွယ်ရေးတင်ဒါရွေးချယ်မှု ဆိုင်းငံ့ရန် အဆိုတင်သွင်းခြင်း လွှတ်တော်အလုပ် လွှတ်တော်လုပ်ခြင်းဟု ဦးရွှေမန်းပြော

သိင်္ဂီထွန်း | သောကြာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၃


ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးမှသာ တင်ဒါရွေးချယ်ရန် အရေးကြီးအဆို တင်သွင်းခြင်းသည် လွှတ်တော် ၏ အလုပ်ကို လွှတ်တော်က လုပ်ခြင်းသာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းက ဇွန်လ ၂၇ ရက် လွှတ်တော်၌ တုံ့ပြန်ပြော ကြားလိုက်သည်။

''ကျွန်တော်တို့လွှတ်တော်မှာလည်း တာဝန်ခံဆောင်ရွက်တယ်။ တာဝန်ခံဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာ ကို အရေးကြီးအဆို တစ်ခုတင်တယ်။ တင်တဲ့အခါမှာ လက်ခံ၏ လက်မခံ၏ဆိုတာ လွှတ်တော်ရဲ့အခန်းကဏ္ဍဖြစ်တယ်။ ဒီအဆိုကို လက်ခံပေးရမှာက လွှတ်တော်ဥက္ကဋ္ဌရဲ့အလုပ်။ ဒါမိမိရဲ့တာဝန်'' ဟု ဦးသူရရွှေမန်း က ပြောကြားလိုက်သည်။

တင်ဒါရွေးမှုကို ဆိုင်းငံ့ထားရန် ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး ဆွေက တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ထုတ်ပြန်ရန် တစ်ရက်အလိုတွင် အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးမျိုးဆွေ၏ အဆိုတွင် ''ပြည်ပကုမ္ပဏီများသည် ပြည်တွင်းကုမ္ပဏီများထက်နည်း ပညာအဆင့်အတန်း အတွေ့အကြုံနှင့် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးဓနအင်အားများစွာ သာလွန်နေကြောင်းတွေ့ရှိပြီး ပြည်တွင်း ကုမ္ပဏီများသည် အဆုံးအရှုံးများနှင့် ရင်ဆိုင်ရကာ ပြည်ပကုမ္ပဏီများ၏ လက်ဝါးကြီး အုပ်ဝါးမျိုခြင်း ခံရနိုင်သည်'' ဟု ပါရှိသည်။

အဆိုတင်သွင်းတင်ခြင်းနှင့် ပတ်သက်၍လည်း ဦးသူရရွှေမန်းက ကာကွယ်ပြောဆို သွားသည်။ ''ဥပဒေနဲ့ သူတို့ လုပ်ဆောင်ချက် တွေက မညီဘူးဆိုရင် တိုင်းပြည်အတွက် နိုင်ငံအတွက် အခက်အခဲတွေ ဖြစ်ပါမယ်ဆိုတဲ့ အယူအဆနဲ့ တင်ပြခြင်းပဲဖြစ်ပါတယ်'' ဟု လွှတ်တော်တွင်ပြောသည်။

ဆက်သွယ်ရေးက လုပ်ငန်းရှင်များအား တင်ဒါချပေးမှုနှင့် ပတ်သက်၍ သမ္မတနှင့် လွှတ်တော်အပြန်အလှန် သဝဏ်လွှာပို့မှု များလည်း ရှိခဲ့သည်။ ဦးရွှေမန်းက မေလ ၁၃ ရက်တွင် ''ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ချထားမှုအား အလျင်စလိုမလုပ်ရန်'' သမ္မတထံ သဝဏ်လွှာပေးပို့ခဲ့သည်။

သမ္မတရုံးကလည်း မေလ ၂၇ ရက်တွင် ''နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လိုအပ်ချက် များရှိခြင်းကြောင့် တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြန်လည်ပေးပို့ခဲ့သည်။

ထို့အပြင် လွှတ်တော်က အရေးကြီး အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ သမ္မတ ရုံးက ဇွန်လ ၂၇ ရက်တွင်ကြေငြာချက်တစ် စောင်ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက် တွင် တင်ဒါခေါ်ယူမှုအတွက် သတင်းစာနှင့် ရုပ်မြင်သံကြား၊အင်တာနက်စာမျက်နှာတို့ တွင် ကြေညာခဲ့သော်လည်း ယခင်လွှတ် တော်ဆွေးနွေးမှုများတွင် ထိုကိစ္စအား ဆွေး နွေးခြင်းမပြုခဲ့ဟု ပါရှိသည်။

သို့သော် သမ္မတရုံး၏ ထုတ်ပြန်ချက် အပေါ် ဦးသူရရွှေမန်းက သမ္မတကြီး၏ သဝဏ်လွှာပေးပို့သော အချိန်သည် လွှတ်တော်ရပ်နားနေသည့် ကာလဖြစ်၍ လွှတ် တော်၌ ပြန်လည်ရှင်းလင်းနိုင်ခြင်းမရှိဘဲ ယခု ကဲ့သို့ လွှတ်တော်ဒုတိယနေ့တွင် အရေးကြီးအဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြန် လည်တုံ့ပြန်ရှင်းလင်း လိုက်သည်။

''သွေးကွဲစေသော အထင်မှားစေသော ကိစ္စများမဖြစ်အောင် ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သွေးကွဲစေသော စည်းလုံးညီညွတ်မှု ပျက်ပြားစေသော ကိစ္စများ မလုပ်ဖို့လိုပါတယ်'' ဟုလည်း ဦးရွှေမန်းက ဆိုသည်။

ထိုသို့ သမ္မတနှင့် လွှတ်တော်အပြန်အလှန် သဝဏ်လွှာများပေးပို့ကာ သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့သော်လည်း ဇွန်လ ၂၇ ရက်တွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ရန် ပြည်ပကုမ္ပဏီ
နှစ်ခု ဖြစ်သော နော်ဝေနိုင်ငံအခြေစိုက် Telenor Mobile ကုမ္ပဏီနှင့် ကာတာနိုင်ငံအခြေစိုက် ဥသမနိသသ ကုမ္ပဏီတို့က တင်ဒါအောင် မြင်ကြောင်း တင်ဒါရွေးချယ်ရေးကော်မတီ က ကြေညာခဲ့သည်။

No comments: