Saturday, September 27, 2014

လျှပ်စစ်စက်ရုံများ ပုဂ္ဂလိက ပြုလုပ်ပါက ဓာတ်အားခ ပြင်ဆင်သတ်မှတ်ရမည်ဟုဆို

ဝင်းကိုကိုလတ်၊ အောင်သူရထွန်း

လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ပုဂ္ဂလိက ပြုလုပ်မည်ဆိုပါက စရိတ်စိုက်ထုတ်ခြင်း သို့မဟုတ် ဓာတ်အား သုံးစွဲသူများထံမှ ဓာတ်အားခ ဈေးနှုန်းပြင်ဆင်သတ်မှတ် တောင်းခံခြင်းများ စသည့် အချက်များကို ရွေးချယ်ဆုံးဖြတ်ရန်လိုမည်ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ယနေ့ လွှတ်တော်တွင် ပြောသည်။

၎င်းက လျှပ်စစ်ကဏ္ဍသည် အခြားလုပ်ငန်းများထက် ထူးခြားသော သဘောသဘာဝရှိသဖြင့် လက်ရှိတည် ဆောက်ထားပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်တွင်ရှိသော နိုင်ငံပိုင်ဓာတ်အားပေး စက်ရုံများ ကို နိုင်ငံတော်ကသာ ကြီးကြပ်ကွပ်ကဲသင့်သည်ဟု ၎င်းက ပြောသည်။

၎င်းစက်ရုံများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ပြုပါက ဈေးနှုန်းမြင့်မားလာမည်ဖြစ်၍ ဓာတ်အားခများ ပြင်ဆင် သတ်မှတ်ရန် သို့မဟုတ် နိုင်ငံတော်က ပိုမိုစိုက်ထုတ် ကုန်ကျခံ၍ ဓာတ်အားဝယ်ယူရန် လိုအပ်လာမည်ဟု ဆိုသည်။

လျှပ်စစ်ဓာတ်အားလုပ်ငန်း အရှုံးမပေါ်စေရန် သက်တမ်းကုန် သဘာဝဓာတ်ငွေ့သုံး စက်ရုံများကို စွမ်းရည် မြှင့်တင်ခြင်း၊ ဝယ်ယူသည့်စရိတ်နှင့် ပြန်လည်ရောင်းချသည့်စရိတ် မမျှတခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် ကမ်းလွန် သဘာဝဓာတ်ငွေ့ဖိုးများကို 1 MMBTU လျှင် ကန် ၅ ဒေါ် လာနှုန်းဖြင့် ရောင်းချခဲ့သော်လည်း ငွေလဲလှယ်နှုန်း ကျပ် ၉၀၀ သို့ တိုးမြှင့်ပေးချေရခြင်း၊ စက်ရုံများမှ ၂၅ ကျပ်မှ ကျပ် ၇၀ အထိ ပေးချေရခြင်း၊ ကုန်သွယ်လုပ်ငန်းခွင်နှင့် အခြားစရိတ်များ ပေးချေရခြင်းကြောင့် စုစုပေါင်း အသုံးစရိတ်သည် ကျပ် ၄၇၄ ဘီလီယံကျော်ဖြစ်၍ တစ်ယူနစ် ပျှမ်းမျှစရိတ် ၄၁ ဒသမ ၉၁ ကျပ် ဖြစ်ကာ တစ်ယူနစ်ရောင်းတိုင်း ၃ ဒသမ ၅၈ ကျပ်ရှုံးကာ ကျပ် ၃၉ ဒသမ ၄၂၃ ဘီလီယံ ရှုံးသည်ဟု ဆို သည်။

ထို့ကြောင့် အရှုံးပေါ်နေသော အလုံ နှင့် လှော်ကားစက်ရုံများကို အဆင့်မြှင့်ပြီးသည့်အတွက် သာကေတ နှင့် ရွာမစက်ရုံများကိုJICA ချေးငွေဖြင့်လည်းကောင်း၊ မန်း(မင်းဘူး) စက်ရုံကို ဓာတ်ငွေ့မရရှိ၍ လည်းကောင်း စီစဉ်နေပြီး အရှုံးပေါ်နေသော စက်ရုံကိုးရုံအနက် ခြောက်ရုံကို အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်မည်ဟု ဆိုသည်။

No comments: