Tuesday, September 2, 2014

နယ်စပ်သစ်မှောင်ခိုထုတ်မှုများ ထိန်းချုပ်ရေး အစိုးရက အားဖြည့်လုပ်ရန် လိုအပ်နေ

နိုင်နိုင်ဇော်

သစ်လုံးတင်ပို့မှု ရပ်နားသော်လည်း နယ်စပ်မှောင်ခို သစ်ခိုးထုတ်မှုများကို ထိန်းချုပ်နိုင်ရန် မြန်မာအစိုးရ၏ သံတမန်စွမ်းရည်အရေးကြီးနေသည်ဟု ပြည်တွင်း သစ်လုပ်ငန်းရှင်များက ထောက်ပြသည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှစတင်ကာ အစိုးရက ပင်လယ်ရပ်ခြားသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းကာ သစ်တောသယံဇာတတိုးတက်ရေး ဦးတည်လုပ်ဆောင်နေသော်လည်း နယ်စပ်ဘက်က သစ်ခိုးထုတ်မှုများ ရှိနေသေးသည်ကို ထိန်းချုပ်နိုင်ရန် အရေးကြီးလျက်ရှိနေသေးသည်ဟု သစ်လုပ်ငန်းရှင်များက ပြောဆိုသည်။

မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးဘာဘာချိုက “Normal Trade (ပင်လယ်ရေကြောင်း ကုန်သွယ်ရေး) ကနေ သစ်အလုံးလိုက် တင်ပို့မှု ရပ်တယ်ဆိုပေမယ့် နယ်စပ်ဘက်တွေကနေ သစ်ခိုး ထုတ်မှုတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ လိုတယ်။ တစ်ဖက်က ပိတ်ပြီး ခိုးထုတ်မှုကို မတားနိုင်ရင် ဘာမှထူးမှာ မဟုတ်ဘူး။ အပစ်အခတ်ရှိတဲ့နေရာတွေမှာဆိုရင် သစ်ခိုးထုတ်မှုတွေ အများဆုံးဖြစ်နေတယ်”ဟုဆိုသည်။

နယ်စပ်သစ်မှောင်ခိုအများစုမှာ တရုတ်ယူနန်သို့ စီးထွက်နေသော်လည်း အစိုးရဘက်က အောင်မြင်စွာ တားဆီးနိုင်ခြင်း မရှိဘဲ မှောင်ခိုထုတ်မှုများ ဆက်ရှိနေသည်ကို သစ်လုပ်ငန်းရှင်များက ထောက်ပြပြောဆိုခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်မှ ၁၀ နှစ်တာ နောက်ပိုင်း တရုတ်နယ်စပ်တစ်လျှောက် သစ်ခိုးထုတ်မှုအများဆုံး ဖြစ်ပေါ်ခဲ့ပြီး မှောင်ခိုကုန်သွယ်မှု တန်ချိန် ၁၀ ဒသမ ၂ သန်းအထိ မြင့်တက်ခဲ့သည်ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ယခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ထားသည်။

အဆိုပါပမာဏမှာ မြန်မာနိုင်ငံ၏ ၁၀ နှစ်တာ သစ်တင်ပို့မှုစုစုပေါင်း၏ ၆၂ ရာခိုင်နှုန်းနှင့် ညီမျှနေကြောင်း ၊ ယင်းမှာ မြန်မာ့သစ်တောပြုန်းတီးမှု၏ အဓိကအကြောင်းရင်း ဖြစ်နေခြင်းကြောင့် အစိုးရက သစ်လုံးတင်ပို့မှု ရပ်ဆိုင်းမှုနှင့်အတူ နယ်စပ်သစ်မှောင်ခိုမှုများကိုလည်း အရေးတကြီး ကိုင်တွယ်ရန် လိုအပ်နေကြောင်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။

အစိုးရအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် သစ်တောထိန်းသိမ်းစောင့်ရှောက်မှုအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းလှိုင်က “နယ်စပ်က ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ထိတွေ့မှု အရမ်းများတဲ့အတွက် သူတစ်ဦးတည်းနဲ့ ဒါကို အောင်မြင်အောင် ထိန်းချုပ်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့လို NGO တွေ၊ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်”ဟု ဆိုသည်။

နိုင်ငံနယ်စပ် သစ်မှောင်ခိုအများစုမှာ တရုတ်ယူနန်ဈေးကွက်သို့ အများဆုံးရောက်ရှိနေခြင်းကြောင့် မြန်မာအစိုးရပိုင်းက တရုတ်အစိုးရနှင့် သံတမန်ရေးရာဖြင့် ဆက်ဆံဖြေရှင်းနည်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်သင့်သည်ဟု သစ်လုပ်ငန်းရှင် အသင်းတာဝန်ရှိသူများက အကြံပြု ပြောဆိုသည်။

သစ်တောဦးစီးဌာနနှင့် သစ်တောအသင်းအဖွဲ့များ၏ ပြောဆိုမှုအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်း ဧရိယာသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄၆ ရာခိုင်နှုန်းအထိ ကျန်ရှိနေသည်ဟုဆိုသော်လည်း အမှန်တကယ် အဖိုးတန်သည့် သစ်တောဧရိယာမှာ တစ်နိုင်ငံလုံးတွင် ၂၂ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်။

No comments: