Wednesday, October 29, 2014

တောင်ကြီး တန်ဆောင်တိုင်ပွဲအတွက် အထူးအရေးကြီး လုံခြုံရေးအခြေအနေအဖြစ် ဆောင်ရွက်မည်

Mizzima

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် အထူးအရေးကြီး လုံခြုံရေး အခြေအနေအဖြစ် ဆောင်ရွက် သွားမည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထူးက အောက်တိုဘာ ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

တောင်ကြီးမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၂၈ ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက်ရဲတပ်ဖွဲ့ဝင်များ စီမံခန့်ခွဲမှု အစည်းအဝေးအပြီးတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးခရိုင်အတွင်းရှိ ရဲဝန်ထမ်းအင်အားအပြင် လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့ရှိ ရဲဝန်ထမ်းအင်အား ၁၀၀၀ကျော် ဖြည့်တင်းထားပြီး အရပ်ဘက်အဖွဲ့အစည်းများဖြင့်ပါ လက်တွဲဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

"ပွဲတော်မကျင်းမမီ ရက်ပေါင်း ၂၀ ကတည်းက ရပ်ကင်း၊ လည့်ကင်း၊ ပတ်ကင်းတွေနဲ့ ပစ္စည်းရှာဖွေတာ၊ တည်းခိုခန်းဧည့်စစ်တာတွေကို အထူးကြပ်မတ် ဆောင်ရွက်ပေးနေပါတယ်” ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထူးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်လုံခြုံရေးအတွက် ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေး အစီစဉ်များ ဆောင်ရွက်ထားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကျန်းမာရေးဌာနများနှင့်ပါ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထူးက ပြောသည်။

တောင်ကြီးမြို့ဝင်၊ မြို့ထွက် ဂိတ်များတွင်လည်း လုံခြုံရေးကင်မရာများ တပ်ဆင်ထားပြီး၊ အဝေရာ မီးပုံးပျံကွင်းအတွင်း၌လည်း လုံခြုံရေးကင်မရာများ တပ်ဆင်ထားကာ စီစီတီဗီ အလုံး ၃၀ ကျော် တပ်ဆင်ထားသည်ဟု ၎င်းကဆိုသည်။

တောင်ကြီးမြို့တွင် အောက်တိုဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သတ်ပြီး ပွဲတော်လုံခြုံရေးကို ထိခိုက်လိမ့်မည် မဟုတ်၍ ပြည်သူများအနေဖြင့်လည်း စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပွဲတော်အား လည်ပတ်နိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးထားသည်ဟု ရဲမှူးကြီး မြင့်ထူးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို အောက်တိုဘာ ၃၀ရက်မှ နိုဝင်ဘာ ၇အထိ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မီးပုံးပျံကွင်းအတွင်း ဗုံးရှာဖွေခြင်း၊ ဗုံးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ပဋိပက္ခ ရန်ဖြစ်နေသည့် လူအုပ်စုအား တားမြစ်ခြင်းတို့ကို လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ ပူးတွဲ၍ ဇာတ်တိုက်လေ့ကျင့်သွားမည် ဖြစ်သည်။

ယင်းအပြင် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ကျင်းပသွားမည့် အဝေရာ မီးပုံးပျံကွင်းပတ်လည်၌ ဗုံးကျင်း (၁၅) ကျင်း တူးဖော်သွားရန်စီစဉ်ထားပြီး သဲအိတ် ၃၀၀ အိတ်ခန့် အဆင်သင့်ထားရှိထားမည်ဟု စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ တပ်မှူးက အစည်းအဝေးတွင် ပြောသည်။

No comments: