ရွှေအောင်
အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အရေးပေါ်မေတ္တာရပ်ခံစာတစောင်ထုတ်ပြန်ပြီး ကုလမသဂ္ဂလူ့အခွင့်ရေးကော်မရှင် အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့တိုင်ကြားဖို့ ရှိနေပါတယ်။
ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက “ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးပေါ်မေတ္တာရပ်ခံစာ ထုတ်ဖို့ ရှိပါတယ်။ မေတ္တာရပ်ခံစာကို ဂျနီဗာမှာရှိတဲ့ လူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့်အရေး ကော်မရှင် အောက်မှာ ရှိတဲ့ မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ပြီး ဖျောက်ဖျက်ခြင်း စတဲ့ အဖွဲ့အစည်းအသီးသီးကို အရေးပေါ်မေတ္တာရပ်ခံစာအတိုင်း ဆောင်ရွက် ပေးဖို့အတွက် စာတွေ ပေးပို့မယ်” လို့ပြောပါတယ်။
ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အရေးပေါ်မတ္တာရပ်ခံစာပါ ကိစ္စနဲ့ ပတ်သက်ပြီး ဂျနီဗာမှာရှိတဲ့ မြန်မာသံအမတ်ထံ ပေးပို့ပြီး စုံစမ်းမေးမြန်းတာတွေ ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းက တာဝန်ရှိသူတွေ မြန်မာပြည်သွားတိုင်း မြန်မာတာဝန်ရှိသူတွေ ဘာတွေ လုပ်ထားသလဲ မေးမြန်းမယ်၊ ဖိအားပေးမယ်စတဲ့ကိစ္စရပ်တွေ နောက်ဆက်တွဲ ဖြစ်ပေါ်လာဖို့ ရှိပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ မဆွေးနွေးဖို့ ပြောကြားထားတာပါ။
အခု ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ ဖြစ်လာတာမို့ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရအပေါ် မေးခွန်းထုတ်စရာတခုလည်း ဖြစ်ခဲ့တယ်လို့ ဦးမင်းလွင်ဦးက မှတ်ချက်ပေး ပြောပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြကတော့ ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကော်မရှင်က သတင်းအချက်အလက် စုဆောင်းတုန်းလို့ ပြောပါ တယ်။
“ကော်မရှင်အနေနဲ့ သတင်းအပြည့်အစုံ မရသေးပါဘူး။ သတင်းရတော့မှ ဒါ ဟုတ်၊ မဟုတ်။ မှန်၊ မမှန်ဆိုတာ စိစစ်ရသေးတာကိုး။ ဒီတခုပဲ သတင်းစုဆောင်းဖို့ ဆိုတာကလည်း ကော်မရှင်က ဒီတခုပဲ လုပ်နေရတာ မဟုတ်ဘူးလေ။ တခြားကိစ္စတွေလည်း ရှိသေးတာကိုး။”
အာရှလူ့အခွင့်အရေးကော်မရှင်က ဦးမင်းလွင်ဦးက “မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ဟာ ကုလအပါအ၀င် နိုင်ငံတကာက မေးလာရင် ဆင်ခြေပေးနိုင်ဖို့ အချက်အလက် စုဆောင်းတာမျိုးပဲ လုပ်တယ်။ သူတို့မှာ ကန့်သတ်ချက်တွေလည်း ရှိနေတယ်။ စစ်ဆေးစီရင်ဆဲ အမှုများကို ၀င်ရောက်စွက်ဖက်ခြင်းမပြုတို့၊ တရားရုံးက စီရင်ဆုံးဖြတ်ပြီး အမှုတွေကို ၀င်ရောက် စီရင်ခြင်း မပြုဆိုတော့ ဘာမှ လုပ်မရဘဲ အထောက်အထားယူပြီး စုထားတဲ့အဆင့်လောက်ပဲ ဖြစ်နေတယ်” လို့ ဆိုပါတယ်။
ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကလည်း စုံစမ်းစစ်ဆေးပေးပို့ တောင်းဆိုဆန္ဒပြနေကြသလို ကြေညာချက်အသီးသီး ထုတ်ပြန်ပြီး မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက် ရှုတ်ချနေကြပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အပါအ၀င် နိုင်ငံရေးအင်အားစုတွေက ကိုပါကြီး အသတ်ခံရမှုဟာ အစိုးရတစ်ရပ်အနေနဲ့ လိုက်နာရမယ့် နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တာဆိုပြီး ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
၉၀ အမတ်တွေရဲ့ ထုတ်ပြန်ချက်မှာ ကိုပါကြီး အသတ်ခံရတဲ့ကိစ္စမှာ စစ်တပ်ဟာ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်တွေကို ချိုးဖောက်တယ်၊ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာ စာတမ်းအား လိုက်နာမှု မရှိဘူး၊ နိုင်ငံသားတဦးအပေါ် ဥပဒေမဲ့ လုပ်ဆောင်တာ ဖြစ်လို့ စစ်တပ်က ရာဇ၀တ်မှု ကျုးလွန်တာ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်များကို စစ်တပ်က ချိုးဖောက်တာဆိုတဲ့ အချက် ၄ ချက်ကို ထောက်ပြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချ ထားပါတယ်။
၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေးဗစ်လှမြင့်က “အရင် စစ်အစိုးရက စိတ်တိုင်းကျရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၈ မှာ နိုင်ငံသားများရဲ့ အခွင့်အရေးဆိုတာ ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်က ကာကွယ်ပါမယ်လို့လည်း သူတို့ အကြိမ်ကြိမ် ပြောနေပြီး ဖွဲ့စည်းပုံပါ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတာပဲဗျ” လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ကိုပါကြီး အသတ်ခံရမှုအပေါ် အဖြစ်မှန် ဖော်ထုတ်ပေးဖို့နဲ့ ဖော်ထုတ်မပေးရင် ဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံ သုံးပြီး အဖြစ်မှန် ဖော်ထုတ်လုပ်ဆောင် သွားမယ်လို့ ၁၉၉၀ လွှတ်တော်အမတ်တွေက ကြေညာထားပါတယ်။
No comments:
Post a Comment