Wednesday, February 10, 2010

ကိုညီညီအောင်အား ထောင် (၃) နှစ် ချမှတ်

NEJ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်အား စွဲချက်တင်ထားသည့်အမှု (၃) မှုအတွက် အင်းစိန်အထူးတရားရုံးမှ ထောင်ဒဏ် (၃) နှစ် ယနေ့ချမှတ်လိုက်သည်။

“ပထမတမှုက ပုဒ်မ (၄၆၈)၊ စာရွက်စာတမ်းအတုလုပ်တယ်ဆိုတာကို (၃) နှစ်ချတယ်။ နောက်တခါ ငွေအမှု၊ သတ်မှတ်ချက်ထက် ပိုယူလာတယ်ဆိုတာက (၁) နှစ်ချတယ်။ နောက်တခုက အမျိုးသားမှတ်ပုံတင် ဥပဒေ၊ အဲဒါကလည်း (၁) နှစ်ချတယ်။ စုစုပေါင်း (၅) နှစ်ပေါ့။ ဒါပေမယ့် တပေါင်းတည်း ကျခံဖို့အမိန့်ပါတော့ (၃) နှစ်ပဲ ကျခံရမယ်” ဟု ကိုညီညီအောင်၏ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ကိုညီညီအောင်အား အစိုးရဘက်မှ စွဲချက်တင်ထားသည့်အမှုများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေစက္ကူ ကိုင်ဆောင်မှုနှင့် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ဥပဒေအရ အရေးယူမှုတို့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၃) ရက် ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရက အထက်ဖော်ပြပါအမှုများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယခုကဲ့သို့ ကိုညီညီအောင်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကို မျှတမှုရှိသည်ဟု ထင်မြင်ကြောင်း ဦးဉာဏ်ဝင်းက ပြောသော်လည်း အပြစ်တွေ့ရှိပုံ တွေ့ရှိနည်းနှင့်ပတ်သက်၍ သဘောမတူညီမှုများ ရှိသည့်အတွက် ကိုညီညီအောင်၏အမှုကို ဆက်လက် အယူခံဝင်မည်ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထောင် (၃) နှစ်ချမှတ်လိုက်သော်လည်း ကိုညီညီအောင်အား အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားသည့် (၅) လကို ထည့်သွင်း လျှော့ပေါ့သွားရန် အကျုံးဝင်သည်ဟု သိရသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် အထိန်းသိမ်းခံခဲ့ရကာ နောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ထွက်ခွာလာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့ကြောင်း၊ ထို့နောက် အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံခွင့်ယူခဲ့ကြောင်း သိရသည်။

ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် (၅) ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

No comments: