ကွန်းချမ်း
ပြီးခဲ့သည့်လက နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့နှင့် ပြည်သူလူထုပူးပေါင်းကူညီမှုဖြင့် ဖောက်ခွဲရေးသမား ကျော်ဇော်လင်းနှင့် အပေါင်းအပါ ၁၁ ဦးတို့အာ ဖောက်ခွဲရေးပစ္စည်းနှင့်အတူ ဖမ်းဆီးရကြောင်း စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားသည်နှင့်ပတ်သက်ပြီး ဒါဟာ လုပ်ကြံမှုသာ ဖြစ်နိုင်ကြောင်းကို နိုင်ငံရေးသမားတို့က သုံးသပ်သည်။
“သူတို့ ဒီလို စွပ်စွဲတာကတော့ အက်ကြောင်းထပ်နေပါပြီး၊ တချို့လည်းယုံကြည်လို့မရတဲ့အနေအထားမှာ တွေ့ရပါတယ်၊ ဘာလို့လည်းဆိုတော့ စွပ်စွဲမှုတော်တော်များများက မူဝါဒလမ်းစဉ်တွေကော ရွေးကောက်ပွဲအတွက်ကော ဘယ်လောက်ထိ ထိခိုက်နိုင်တယ်လို့ ရေးသားဖော်ပြနေတာ၊ ဒါက သူတို့အနေနဲ့ ဒီလိုအခြေအနေ၊ အနှောင့်အယှက်တွေကြောင့် ရွေးကောက်ပွဲဥပဒေမထုတ်နိုင်သေးတာ၊ နောက်တဆင့် ရွေးကောက်ပွဲမကျင်းပနိုင်သေးတာ စသဖြင့် ခေါင်းစဉ် အသစ်တွေ တပ်ပြီး ဆင်ခြေပေးဦးမယ်၊ ပြီးတော့ လုပ်ကြံ တာလည်းဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့ပေါ်ရှိ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
စစ်အစိုးရထုတ်သတင်းစာမှာ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ လူထုပူးပေါင်းကူညီမှုတို့ဖြင့် ဖောက်ခွဲရေးသမား ကျော်ဇော်လင်းနှင့် အပေါင်းအပါ ၁၁ဦး တို့အားဖောက်ခွဲရေး ပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိကြောင်းကို ဓါတ်ပုံများနှင့်တကွ အသေးစိတ် ဖော်ပြထားပြီး၊ ဖြူးမြို့နယ်မှ ကျော်လင်း (ခေါ်) ကိုစိုင်းဆိုသူသည် ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်ရှိ ကုန်းတလပေါင်းရွာရှိ ပဥမအလင်းစာအုပ်ဆိုင်မှာ စတင်ဖမ်းဆီးခံရပြီး၊ ၄င်းနှင့် အပေါင်းအပါတို့ကိုလည်း ၃ ရက်အတွင်း ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
ကျောက်တံတားမြို့နယ်မှ NLD လူငယ်အဖွဲ့ဝင်တစ်ဦးကလည်း “တကယ်ဟုတ်မဟုတ်တော့မသိဘူး၊ တခါတလေ ဒီလိုသတင်းထုတ်တာက ပြည်သူတွေကို အထိန့်တလန့်ဖြစ်စေတယ်၊ သူတို့ပြောပုံအရ ကြိုတင် ကာကွယ်မှုသာမပြုနိုင်သေးခင် ဖမ်းနိုင်ခဲ့တဲ့သတင်းကလည်း ခဏခဏကြားနေတော့ တအားကြီးယုံကြည်ရဖို့ က ခက်ခဲတယ်၊ အမှန်တော့ သူတို့က ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေအတွက် ဘယ်လောက်တာဝန်ကျေ နေလည်းဆိုတာ ဝါဒဖြန့်တဲ့သဘောလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
၎င်းနှင့်အပေါင်းအပါများသည် လက်တွေ့ဖောက်ခွဲရေးလုပ်ငန်းစဉ်အဖြစ် ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား ပစ်မှတ်ထားဆောင်ရွက်ရန် အချိန်ယူလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ညတွင် ရွှေပေါက်ကံစက်မှုဇုန်ရှိ (Myanmar Joon A) စက်ရုံး၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ (Asian Optical ) စက်ရုံး၊ လှိုင်သာယာ စက်မှုဇုန်ရှိ (Famlily United Power) စက်မှုယန္ဒရားစက်ရုံး UNW Engineering Service Ltd.) စက်ရုံး၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ UNICEF ပစ္စည်းသိုလှောင်ရုံးတို့ကို ချိန်ကိုက်ဗုံးပစ်သွင်းဖောက်ခွဲခဲ့သဖြင့် ခုနစ်နေရာပေါက်ကွဲသွားကြောင်း ရေးသားထားသည်။
ဒါ့အပြင် ၄င်းတို့အဖွဲ့အနေနဲ့ ၂၀၁၀ ဇန်နဝါရီလ (၄) ရက်နေ့ လွပ်လပ်ရေးနေ့မှာလည်း ရန်ကုန်မြို့ ဆူးလေးဘုရားဝန်းကျင်၊ သိမ်ကြီးဈေး၊ ဗိုလ်ချူပ်ဈေး၊ ဗဟန်း ၃ လမ်းနှင့် မယ်လမုဘုရားပွဲတွေမှာ တပ်မတော်နှင့် ရဲဖော်တပ်ဖွဲ့ဝင်များအားလည်း အချောင်ခိုတိုက်ခိုက်ရန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိခဲ့ပါက မင်္ဂလာဒုံစက်မှုဇုန်ရှိ ကြက်စာစက်ရုံး၊ Segall အထည်ချုပ်စက်ရုံး၊ Daewoo အထည်စက်ရုံးများအား ဖောက်ခွဲရန်၊ လုံးခြုံရေးဝန်းထမ်းတွေကို ချောင်ခိုတိုက်ခိုက်ရန်၊ အဝေးထိန်းခလုတ်သုံးပြီး လုံခြုံရေးမော်တော်ယာဉ်တန်းကို တိုက်ခိုက်ရန် သူသေကိုယ်သေ ပျောက်ကျားစနစ်ဖြင့် ကြိုးစားခဲ့ကြောင်း စွပ်စွဲထားပါသည်။ ၄င်းတို့ကိုဖမ်းဆီးရမိစဉ်က တွေ့ရှိချက်အရ အမေရိကန်နိုင်ငံလုပ် High Explosive TNT ယမ်းတုံးများ၊ ချိန်ကိုက်မိုင်းများကို တွေ့ရကြောင်းကိုလည်းပါသည်။
ကျော်ဇော်လင်းသည် မြန်မာနိုင်ငံမှ တရားမဝင် ကြေငြာထားသည့် မြန်မာနိုင်ငံ BlC (Burma Lawyers’ Council) နှင့် (၃၀.၄.၀၉) မှ သွားရောက်တွေ့ဆုံပြီး ရုံးလုပ်ငန်းစတင်တာဝန်ယူခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၉ ခုနှစ် အောက်တိုဘာလအထိ မဲဆောက်မှာ ဖောက်ခွဲရေးသင်တန်း ၇ ကြိမ်တက်ခဲ့ဖူးကြောင်း၊ ဖောက်ခွဲရေးအတွက် ပြည်တွင်းမှာလူစုခြင်း၊ နိုင်ငံရေးအန်တုမှုသင်းတန်းအတွက် လုပ်ခငွေကြေး ၆၇ သိန်းရရှိထားခြင်းတို့ကို ရှင်းပြထားသည်။
ယခုလို လုပ်ကြံဖောက်ခွဲမှုပြုခြင်းသည် နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော်နေသည့် မူဝါဒလမ်းစဉ် (၇) ရပ်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်လိုဖျက်စီးလုပ်လိုခြင်းဖြင့် ကြံရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာစစ်အစိုးရမှ ယခုလိုဖော်ပြထားခြင်းအပေါ် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဖော်ပြချက်ပါ အချက်တွေဟာ မဟုတ်မမှန်ကြောင်းနှင့် သက်သေခိုင်လုံမှုမရှိသည့် လုပ်ကြံစွပ်စွဲမှုတခုသာ ဖြစ်ကြောင်း ထိုသတင်း ထွက်ပေါ် ပြီး နာရီပိုင်းမှာ ကြေငြာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သည်။
ဇန်နဝါရီလ ၂၅ ရက်နေ့မှာလည်း ဒီမောဆိုးမြို့နယ်ရှိ လောပိတမှ တောင်ငူသို့ပို့လွှတ်သည့် ကေဗီ ၂၃၀ ဓါတ်အားတိုင် အမှတ် ၁၃၄ ကိုလည်း KNPP သောင်းကြမ်းသူလက်ချက်ဖြင့် အဖောက်ခွဲခံခဲ့ရကြောင်း ဖော်ပြထားသည်။ ခါတိုင်း အလားတူစွပ်စွဲမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ယခုနှစ် ဒီလိုစွပ်စွဲမှု ဆက်တိုက်ပြု လုပ်လာနေတာဟာ လာမည့်ရွေးကောက်ပွဲအတွက် သာမန်ရိုးကျ ဟုတ်မဟုတ်ဆိုတာကို နိုင်ငံရေးလောကမှ သတိထားစောင့်ကြည့်နေကြကြောင်း သိရသည်။
No comments:
Post a Comment