Saturday, February 6, 2010

မြန်မာစစ်အစိုရးတပ်နှင့် ကေအန်ယူတပ်သားများ ပစ်ခတ်မှုဖြစ်ပွား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲရှိ ၆၂ မိုင်ကျေးရွာအနီးတွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် မြန်မာစစ်အစိုးရတပ် ခမရ (၄၀၈) တပ်ရင်းတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်-ထားဝယ်သို့ ပြေးဆွဲနေသည့် မှန်လုံကားများနှင့် အခြားကုန်တင်ကားများကို ထားဝယ်မှ ရန်ကုန်သို့အသွား ကေအန်ယူတပ်သားတို့က လမ်းတွင်ကားတား ငွေကြေးတောင်းခံခဲ့သည်။ ကေအန်ယူမှ ငွေကြေးတောင်းခံသည့် ကိစ္စကို ခမရ ၄၀၈ မှ သတင်းရရှိပြီးနောက် ထိုနေရာသို့သွားရောက်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်မှုတွင် မြန်မာစစ်အစိုးရတပ်မှ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးပြီး၊ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ကေအန်ယူဘက်မှ ထိခိုက်မှုမရှိဟု သိရှိရသည်။

“ဒီပစ်ခတ်မှုမှာ (ခမရ) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦး သေတယ်၊ တပ်သားတစ်ဦး ဒဏ်ရာရသွားတယ်၊ ကေအန်ယူ ဘက်ကတော့ တစုံတရာ ထိခိုက်မှုမရှိပါဘူး” ဟု ထိုတိုက်ပွဲ ဖြစ်ပွားရာ ဒေသရှိ ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာစစ်တပ်မှ တပ်အင်အား ၁၀ ဦးခန့်နှင့် ကေအန်ယူဘက်မှ တပ်သားအင်အား ၂၀ ကျော်ပါဝင်ပြီး နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ကေအန်ယူမှ ငွေကြေးတောင်းခံရာတွင် ကားတစ်စီးလျှင် ကျပ် ၁ သိန်းပေးရပြီး၊ ကားအစီးရေ ၁၃ စီးခန့်ပေးရသည်ဟု ငွေကြေးတောင်းခံရသော စူပါစတားမှန်လုံကားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်မတို့စူပါစတားကကားတွေလည်း ပေးရတာပဲ၊ အားလုံးပေါင်း ကား ၁၀ စီးကျော်တယ်၊ ကားတစ်စီးကို ၁ သိန်းပေးရတယ်” ဟု ထိုတာဝန်ရှိသူက ပြောသည်။

ကားတစ်စီးလျှင် ကျပ်တစ်သိန်းစီပေးရပြီး၊ ကေအန်ယူမှ တားဆီးထားသည့်ကားများ ထွက်ခွာသွားပြီးနောက်မှ မြန်မာစစ်တပ်တို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရွှေလီကားဂိတ်မှ တာဝန်ရှိသူတို့၏ ပြောပြချက်အရ သိရသည်။

No comments: