Tuesday, February 16, 2010

ကချင်ကျောင်းသားများ မြန်မာစစ်ဗိုလ်နှစ်ဦးကို ရိုက်နှက်မှုကြောင့် ယာယီ ညမထွက်ရအမိန့် ထုတ်ပြန်

ကေအင်ဂျီ

မြန် မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား မြို့မှာ ကချင် တက္ကသိုလ် ကျောင်းသားတွေ မြန်မာ စစ်တပ် အရာရှိ နှစ်ဦး အား ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၀ နေ့ညက ရိုက်နက် ခဲ့ပြီးနောက် ယာယီ ည ၁၀ နာရီ နောက်ပိုင်း မထွက်ရ အမိန့် ထုတ်ပြန် ခဲ့ပါတယ်။

အရိုက် ခံရတဲ့ စစ်ဗိုလ် နှစ်ဦးဟာ မြန်မာ စစ် အစိုးရ၏ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (မပခ) မှ ဖြစ်ကြ တယ်လို့ မြို့ခံ ကျောင်းသား ပြောပြ ချက်အရ သိရပါတယ်။

အခုလို ဖြစ်လာတာကတော့ မြန်မာ စစ်ဗိုလ်တွေက “ကချင် အမျိုး သမီးတွေကို ပိုက်ဆံပေးပြီး လွယ်လွယ်နဲ့ ခေါ်နိုင်တယ်” ဆိုပြီး ပြောဆိုတဲ့ အပေါ် ကချင် ကျောင်းသား တွေက မကျေနပ်တဲ့ အတွက် ရိုက်နက်မှုဖြစ် လာတာ လို့ ကျောင်းသား တွေက ပြောပါတယ်။


အာဏာပိုင်တွေက မသင်္ကာတဲ့ကျောင်းသား ၆ ဦးကိုဖမ်းဆီး စစ်ဆေးနေပြီး နောက်ထပ် ကျောင်းသားတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေကပြောပါတယ်။

မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားတစ်ဦး ကချင်သတင်းဌာနသို့ ပြောပြခဲ့တာကတော့ သက်ဆိုင်ရာ စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးထားတဲ့ ကျောင်းသားအားလုံးကို တညသာ အချုပ်ခန်းထည့်ပြီး နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို မြန်မြန်လွှတ်ပေးရတဲ့အဓိကအကြောင်းကတော့ ယခုပြဿနာကို အခြေခံပြီး ကချင်ကျောင်းသားများ နဲ့ စစ်တပ်ကြား ကြီးမားတဲ့ ပြဿာနာဖြစ်လာမည်ကို စိုးရိမ်မှုကြောင့်ဖြစ်ကြောင်း လွှတ်လာတဲ့ ကျောင်းသားများနဲ့ နီးစပ်သူများ ဆိုပါတယ်။

အခုလို ကချင်အမျိုးသမီးများအပေါ် မြန်မာစစ်အာဏာရှင်များက နှုတ်ဖြင့်သာ ပြောဆိုခြင်း မဟုတ်ပဲ ကိုယ်ထိ လက်ရောက် စော်ကားမှုတွေဟာ အမြဲရှိနေတာကို မြင်တွေ့နေရတာ တွေကြောင့် ကချင်ကျောင်းသားများ မခံ မရပ်နိုင်ဖြစ်ပြီး အခုလိုဖြစ်လာရခြင်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ စီဒေါ (Committee on the Elimination of Discrimination against Women - CEDAW) လို့ခေါ်တဲ့ အမျိုးသမီးများကို နည်းမျိုးစုံဖြင့်ခွဲခြားဖိနှိပ်မှု ပပျောက်ရေးစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

သို့သော် တိုင်းရင်းသားနယ်မြေက တိုင်းရင်းသူတွေကို အရင်ကထက် ဖိနှိပ်မှုတွေက ဆက်လက်ရှိ နေဆဲဖြစ် တယ်လို့ ပြည်ပရောက်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုပါတယ်။

No comments: