Monday, February 1, 2010

မီးပျက်ချိန် (၃) ဆပိုလာမည့် အချိန်ဇယားသစ် ထုတ်ပြန်

မျိုးဝင်းဇော် / ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ဇန်နဝါရီ လကုန်ပိုင်းမှစပြီး ထုတ်ပြန်လိုက်သည့် လျှပ်စစ်မီးပေးချိန် အချိန်ဇယားသစ်အရ ရုံးချိန် (၈) နာရီအတွင်း တနေ့ ပျမ်းမျှ (၂) နာရီ (၄ဝ) မိနစ်သာ လျှပ်စစ်မီးရရှိနိုင်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လသာမြို့နယ် လျှပ်စစ်ဓာတ်အား ပေးရေးရုံးသို့ စုံစမ်းရာ ဖြေကြားသူတဦးက “ကျနော်တို့ အချိန်ဇယားအသစ် ထုတ်ပြန်ထားပါတယ်။ နဂိုအတိုင်း အုပ်စု (၃) စု အလှည့်ကျပေးပါမယ်။ ဒါပေမယ့် မီးပျက်ချိန် အရင်ကထက် (၃) ဆလောက် ရှိလာမယ်။ (၃) ရက်အချိန်ဇယားအရ ပထမ (၁) ရက် မီး (၆) နာရီ ပျက်ပါမယ်၊ ကျန် (၂) ရက်က (၁) ရက် (၁၂) နာရီစီ မီးပျက်ပါမယ်။ ည (၁၁းဝဝ) နာရီကနေ မနက် (၅းဝဝ) နာရီ အချိန်ကတော့ အုပ်စုအားလုံး မီးပေးပါမယ်” ဟု ပြောသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ (၃) ရက်နေ့က စတင်သည့် အလှည့်ကျမီးပေးစနစ် အချိန်ဇယားမှာမူ (၃) ရက်အတွက် မီးလာချိန် နာရီ (၆ဝ) နှင့် မီးပျက်ချိန် (၁၂) နာရီရှိပြီး ယခု အချိန်ဇယားမှာ (၃) ရက်အတွက် မီးလာချိန် (၄၂) နာရီရှိပြီး မီးပျက်ချိန် နာရီ (၃ဝ) ရှိသည်။

ရန်ကုန်မြို့ခံတဦးက “လက်ရှိ ပြောင်းလဲပြီး အချိန်ဇယား ထုတ်ပြန်ထားတယ်ဆိုပေမယ့် ဒီအချိန်ဇယားအတိုင်းလည်း မီးမရပါဘူး။ သူတို့ မီးမှန်မှန် ပေးမယ်ဆိုတဲ့ ည (၁၁းဝဝ) နာရီကနေ မနက် (၅းဝဝ) နာရီအထိတောင် မှန်မှန်မရပါဘူး။ ကြားထဲမှာ အနည်းဆုံး (၃-၄) ခါလောက် ပျက်တယ်။ နေ့ဘက်ဆိုရင်တော့ ပြောမနေနဲ့ တနေ့လုံးနေလို့ (၁) နာရီ (၂) နာရီတောင် မရဘူး” ဟု ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးပျက်ချိန် အလွန်များပြီး လုပ်ငန်းတိုင်း မီးစက်အသုံးပြုနေရသည့် ကုန်ကျစရိတ်များကြောင့် ကုန်ပစ္စည်း ထုတ်လုပ်စရိတ် မြင့်တက်စေသည့်အတွက် စားသုံးသူ ပြည်သူများသာ ခံကြရမည်ဟု စက်ရုံပိုင်ရှင်တဦးက ပြောသည်။

မီးပျက်၍ မီးစက်မောင်းရသဖြင့် ဝင်ငွေနှင့်ထွက်ငွေ တွက်ခြေမကိုက်ခြင်းကြောင့် ရန်ကုန်မြို့မှ အင်တာနက်ဆိုင်အချို့လည်း ဆိုင်ပိတ်ပြီး အခြေအနေကို ခေတ္တစောင့်ကြည့်နေကြောင်း ဆိုင်ပိုင်ရှင်အချို့က ပြောသည်။

အစိုးရက ဝါဒဖြန့်သကဲ့သို့ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးရုံက ပို့လွှတ်သည့် တာဝါတိုင် ပြိုလဲခဲ့၍ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်ခြင်းမဖြစ်နိုင်ကြောင်း၊ ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်အား (၁၆၈) မီဂ္ဂါဝပ်သာရှိကြောင်း၊ ၁၉၇၄ ခုနှစ်ကတည်းက စက်တပ်ဆင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း စက်စွမ်းအားအပြည့် မလည်ပတ်နိုင်သည်မှာ ကြာပြီဖြစ်ကြောင်း ရန်ကုန်မြို့မှ လျှပ်စစ်ဝန်ထမ်းဟောင်းတဦးက ပြောသည်။

၎င်းက “၂ဝဝ၅ ခုနှစ်က ပြီးစီးသွားတဲ့ ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းဆိုရင် စက်တပ်ဆင်အား မီဂ္ဂါဝပ် (၂၈ဝ) ရှိတဲ့အတွက် အစိုးရပြောတာ မဖြစ်နိုင်ဘူး။ အဖြစ်နိုင်ဆုံးကတော့ ပေါင်းလောင်းနဲ့ အခြား ရေအားလျှပ်စစ်က ထုတ်တဲ့ ဓာတ်အားတွေ ရန်ကုန်က မရဘဲ နေပြည်တော်မှာပဲ သုံးနေတာ၊ ရန်ကုန်အတွက် အဓိက လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနေတဲ့ ဂက်စ်တာဘိုင်တွေ ဂက်စ် လုံလုံလောက်လောက် မရရှိလို့ မလည်ပတ်နိုင်တဲ့ အချက်တွေကြောင့် ဖြစ်တယ်” ဟု ရှင်းပြသည်။

ယခုကဲ့သို့ အချိန်ဇယားသစ် ထုတ်ပြန်ခြင်းသည် မီးပျက်မှု ကြာရှည်မည်ဆိုသည့် သဘောပြောချင်၍ဖြစ်ကြောင်း၊ တာဝါတိုင် အသစ်လဲရာတွင် အချိန်မကြာကြောင်း အဆိုပါ လျှပ်စစ်ဝန်ထမ်းဟောင်းက ပြောသည်။

No comments: