မင်းဟန်
(၁၈၈)
‘ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း’ အား စစ်အုပ်စုသည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့၏။ စစ်အုပ်စု၏ ပုဆိန်ရိုးအသင်း…။ ဗိုလ်မှူးကြီးသန်းရွှေကိုယ်တိုင်က အသင်းတွင် (နယက) အဖြစ် တာဝန်ယူ၏။ အလုပ်မှုဆောင်များအားလုံးကမူ စစ်အုပ်စုမှ ထိပ်သီးစစ်ခေါင်းဆောင်ကြီးများပင်….။ အင်ဒိုနီးရှားမှ ‘ဆူဟာတို’ ၏ ‘ဂိုကာ’ ကဲ့သို့ဖွဲ့ခြင်း ဖြစ်၏။ သို့သော် …. ‘ကြံ့/ဖွံ့’ က ‘ဂိုကာ’ ထက်ပင် လက်ရဲ၊ ဇက်ရဲ နိုင်လွန်းလှ၏။ ‘ဂိုကာ’ ထက် ‘ကြံ့/ဖွံ့’က တလကြီးနေ၏။
၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်းဦးနု ကွယ်လွန်ခြင်း (၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား သင်္ယန်းကျွန်းမြို့နယ်ရှိ၊ ဇာလီတောင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ၏။ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု အာဏာပိုင်များက သိရှိပြီး …. ‘ကြံ့/ဖွံ့’များအား ဒေါ်အောင်ဆန်းစုကြည်တို့ လာရောက်ပါက ခရမ်းချဉ်သီးများနှင့် ပစ်ပေါက်ကြရန် ညွှန်ကြားစေခိုင်းထား၏။ သို့သော် …. အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့….။
၁၉၉၆ ခုနှစ် … သင်္ကြန်၏ နှစ်ဆန်း ၁ ရက်နေ့တွင်လည်း ‘ကြံ့/ဖွံ့’ များကို၊ အသုံးပြုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အကြမ်းဖက်တိုက်ခိုက်ရန် အာဏာပိုင်များမှ ကြံကြပြန်၏။ ထိုစဉ်ကလည်း … အာဏာပိုင်များ၏ အကြံအား … ‘ကြံ့/ဖွံ့’ တို့မှ မစွမ်းဆောင်နိုင်ခဲ့ကြပြန်။ ထိုနောက်တွင်မူ …. (နအဖ) ခေါင်းဆောင်တို့သည် ‘ကြံ့/ဖွံ့’ တို့ကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား အကြမ်းဖက်တိုက်ခိုက်ချေမှုန်းရန် ပြောင်ပြောင်တင်းတင်း ညွှန်ကြားလာကြ၏။ အမိန့်ပေးစေခိုင်းလာခဲ့ကြ၏။ ဆော်သြ၍လာခဲ့ကြ၏။
၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ‘ကြံ့/ဖွံ့’အတွင်းရေးမှူး ဦးဝင်းစိန် (စစ်အုပ်စု၏ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှဝန်ကြီး) သည် ကသာခရိုင်အတွင်း ‘ကြံ့/ဖွံ့’ အဖွဲ့ဝင်အင်အား စုဆောင်းရေးခရီး ဆင်း၏။ အဖွဲ့ဝင်အင်အား စုဆောင်းခြင်းဟူသည်မှာလည်း စစ်အုပ်စု၏ အာဏာစက်နှင့် လူထုအား ‘ကြံ့/ဖွံ့’ အတွင်း မဝင်မနေရ …. ဝင်ခိုင်းခြင်းပင်။ ပြီးလျှင် …. အဖွဲ့ဝင်အဆိုပြုလွှာ ပေးအပ်ခြင်း အခမ်းအနားအား ပြုလုပ်ကြ၏။ ရွာသားများကား …. ရွာသူကြီး၏ အမိန့်နှင့် အခမ်းအနားသို့ တက်ရောက်ကြရသည်။
၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အင်းတော်မြို့နယ်၊ လယ်ပြင်ကျေးရွာ မူလတန်းကျောင်း၌ ‘ကြံ့/ဖွံ့’ အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားအား ဦးဝင်းစိန် ပြုလုပ်၏။ အခမ်းအနားတွင် ဦးဝင်းစိန်က မိန့်ခွန်းပေး၏။ သူ၏ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းအား ထည့်၍ပြောသည်။ ဒေါနှင့်မောနှင့်ဟော၏။ ပြော၏။ အကြောင်းအရာများက လူထုပင် နားနှင့်မနာဝံ့သည့် စစ်အုပ်စုဝန်ကြီးတဦး၏ စကားများ…..။
“ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဒေါ်ခင်ကြည်နှင့်အတူ အိန္ဒိယပြည်၌ နေထိုင်စဉ် ကုလားတယောက်နှင့် သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ မိခင်ကြီး မြန်မာပြည်သို့ ပြန်လာသည့်အခါ သူမ လိုက်ပါလာခြင်းမရှိကြောင်း၊ အင်္ဂလန် ‘ဘူး’ ကြီး တယောက်က သနား၍ မွေးစားခဲ့ကြောင်း၊ ကျောင်းပြေးပြီး တက္ကသိုလ်ရောက်ခဲ့ကြောင်း၊ ထို့နောက် ကုလသမဂ္ဂတွင် စာရေးသာသာအဆင့်နှင့် အလုပ်လုပ်ခဲ့ရကြောင်း … ၎င်းအချိန်မှာ လက်ရှိခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ကျကြောင်း၊ မိုက်ကယ်အဲရစ်မှာ အာမေးနီးယန်းတယောက်နှင့် ကုလားမတယောက်မှမွေးသော သားဖြစ်၍ အင်္ဂလန်သွေးသားမစစ်သော ကုလားကပြားဖြစ်ကြောင်း … ၎င်းနှင့် ကလေးနှစ်ယောက်ရခဲ့ကြောင်း၊ ဆင်းရဲမွဲတေ၍ ကလေးများကို ကျောင်းပင် မထားနိုင်ခဲ့ကြောင်း၊ မိခင်ဒေါ်ခင်ကြည် နာမကျန်း၍ အသဲအသန်ဖြစ်နေကြောင်းကို အင်္ဂလန်နိုင်ငံရှိ မြန်မာသံအမတ်ကြီးမှ ၂ ကြိမ် ခေါ်ယူအသိပေးမှ မြန်မာပြည်သို့ ပြန်လာကြောင်း … ၎င်းကိစ္စနှင့်ပတ်သက်၍ ပြဿနာဖြစ်ပွားခဲ့ဖူးရာ ဦးနေဝင်းကိုယ်တိုင် သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း၊ သူမ မြန်မာပြည်ပြန်လာစဉ် တိုင်းပြည် ချောက်ထဲကျလုနီးချိန် ဖြစ်နေကြောင်း၊ နဝတမှ အချိန်မီ ကယ်တင်ပြီး တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက်ပြီးကာမှ သူမ ခေါင်းဆောင်ဝင်လုပ်ချင်ကြောင်း…။
‘စဉ်းစားကြည့်စမ်းပါ’ သွေးမစစ်တဲ့ နိုင်ငံခြားသားကို ယူထားတဲ့ မိန်းမတယောက်ဟာ တိုင်းပြည်တိုးတက်အောင် ဘယ်လိုလုပ်နိုင်မှာလဲ” ဟူ၍ လူထုအား မေးခွန်းထုတ်နေပြန်၏။ ပြီးလျှင်…..
“သူမ ဆင်းရဲမွဲတေချိန်မှာ နိုင်ငံခြားတိုင်းပြည်များက နိုလ်ဘယ်လ်ဆုအပါအဝင် အခြားဆုများလည်း ပေးခဲ့ကြောင်း၊ ယခုအချိန်တွင် သူမသည် သန်းကြွယ်သူဋ္ဌေးမကြီး ဖြစ်နေပြီဖြစ်ကြောင်း ၎င်းငွေတွေနဲ့ အင်္ဂလန်မှာ သုံးထပ်တိုက်တွေ ဆောက်၊ သားတွေကို အကောင်းဆုံးသော ကျောင်းတွေမှာ ကျောင်းထားပေးနေပြီဖြစ်ကြောင်း … ပြောဆို၍ ဒါကြောင့် သူမကို တိုင်းပြည်မှ ဖယ်ရှားပစ်ရမယ်၊ သုတ်သင်ပစ်ရမယ်”
“သူမကို တိုင်းပြည်က ဖယ်ရှားပစ်ရမယ်….. သုတ်သင်ပစ်ရမယ်”
“သုတ်သင်ပစ်ရမယ်”
“သုတ်သင်ပစ်ရမယ်”
စစ်အုပ်စုခေါင်းဆောင် ဦးဝင်းစိန်သည် တယောက်ထဲ လူထုရှေ့ထွက်၍ ကြုံးဝါး၍နေသည်။ ကြိမ်းမောင်း၍နေ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူလူချင်း၊ တုတ်တုတ်ချင်း၊ ဓါးဓါးချင်း ရိုက်သင့်ရင် ရိုက်ရမည်ဖြစ်ကြောင်းလည်း ဆို၏။ ပြီးလျှင်…..
“အောင်ဆန်းစုကြည်ကို သတ်ရဲလား”
“ အောင်ဆန်းစုကြည်ကို သတ်ရဲလား”
“အောင်ဆန်းစုကြည်ကို သတ်ရဲလား” ဟူ၍ လေးငါးကြိမ်မျှ … ထပ်ခါ၊ထပ်ခါ မေးမြန်း၍နေပြန်သည်။ သုံးထောင်ခန့်ရှိသည့် လူထုကြီးကမူ …. တုပ်တုပ်မျှမလှုပ်…..။ ပြန်၍ဖြေကြားသံက မကြားရ….။ ငြိမ်၍နေ၏။ အံ့သြစွာနှင့် စစ်အုပ်စုခေါင်းဆောင် ဝန်ကြီးဆိုသူအား ကြောင်၍ကြည့်နေကြ၏။
စစ်အုပ်စုကမူ စကားတွင်းမှ ဇာတိပြ၍နေလေပြီ။
(၁၈၉)
၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်….။
လှည်းတန်း….။
စစ်အုပ်စုအပေါ် မကျေမနပ်ဖြစ်မှုများက ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းသားထုအတွင်း၌ တိုးပွား၍လာနေ၏။ အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်စော်ဘွားကြီးကုန်းရှိ စားသောက်ဆိုင်တခုအတွင်း ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတဦးအား ရဲမှ လက်ထိပ်ခတ်၍ ရိုက်နှက်ခဲ့သည့် အမှုအခင်းနှင့် ဥပဒေမဲ့ ပြုကျင့်ခဲ့သည့် ထိုရဲဝန်ထမ်းအား ဥပဒေအတိုင်း အရေးယူပေးရန် ကျောင်းသားများက တောင်းဆိုထားခဲ့၏။ အာဏာပိုင်များက မည်သို့မျှ အရေးမယူ….။ ဤအရေးအပေါ် ကျောင်းသားများက မကျေနပ်ကြ….။
ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းအတွင်း၌ ကျောင်းသားများ ဆန္ဒပြကြ၏။ ရန်ကုန် စက်မှုတက္ကသိုလ်ဆန္ဒပြမှုက ကြိမ်မီးအုံကဲ့သို့နှင့်…။ ရန်ကုန်၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်လှိုင်နယ်မြေ၊ ရန်ကုန် တက္ကသိုလ် ဗိုလ်တထောင်နယ်မြေ၊ ရန်ကုန် တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေရှိ ကျောင်းသားထုအတွင်းသို့ပင် ပျံ့၏။ ကျောင်းသားအရေးဖြစ်၍ ကျောင်းသားများအားလုံး ပါဝင်လာကြသည်။
၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ …. ညတွင် လှည်းတန်းလမ်းဆုံ၌ … ကျောင်းသားများအားလုံး စုရုံးကြရန် စီစဉ်ကြ၏။ အောက်တိုဘာလက စော်ဘွားကြီး စားသောက်ဆိုင်အတွင်း ကျောင်းသားတဦးအား ရဲဝန်ထမ်းတဦးမှ ဥပဒေမဲ့ ပြုမူရမ်းကားခြင်းအား ကျောင်းသားတို့ ယခုကဲ့သို့ ခံနေကြရခြင်းသည် အမှန်စင်စစ် တခုတည်းသော အဖြေက …. ကျောင်းသားထုအား အကာအကွယ်ပေးမည့် အဖွဲ့အစည်းဟူ၍ မရှိသောကြောင့် ဖြစ်သည်။ ဤအတွက် ကျောင်းသားထု၏ တောင်းဆိုချက်က … တချက်တည်းပင် … ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး….။
ည (၈းဝဝ) နာရီခန့်မှစ၍ လှည်းတန်းလမ်းဆုံသို့ … ကျောင်းသားများ တဖွဲဖွဲနှင့် စုရုံးရောက်ရှိလာကြ၏။ ခဏငယ်အတွင်းမှာပင် ကျောင်းသားထုက သုံးထောင်ခန့် ရှိ၍လာသည်။ လူထုပရိသတ်နှင့် ရဟန်းပရိသတ်များက လှည်းတန်းလမ်းဆုံရှိ ပလက်ဖောင်းများပေါ်မှ ကျောင်းသားတို့အား ရပ်ကြည့်၍ အားပေးကြ၏။ လူပရိသတ်၊ ရဟန်းပရိသတ်သည်လည်း အင်အား ခုနှစ်ထောင်မျှ ရှိမည်။
ခွပ်ဒေါင်းအလံက ရန်ကုန်မြို့၏ ညဦးယံတွင်… လေ၌လွှင့်၍ဝဲလျက်….။ စစ်အုပ်စု၏ ဝန်ကြီးဦးပန်းအောင် လှည်းတန်းလမ်းဆုံသို့ ရောက်လာပြီး … ကျောင်းသားများနှင့် တွေ့၏။ ကျောင်းသားထုအား လူစုခွဲပေးပါရန် အချိုသတ်၏။ ပြီးလျှင် …. လူစုမခွဲပါက စစ်အင်အားနှင့် ဖြိုခွင်းကြလိမ့်မည်ဟုလည်း ဆို၏။ ကျောင်းသားထုက ဦးပန်းအောင်အား တောင်းဆိုချက် ၂ ရပ်အား တောင်းဆိုလိုက်၏။
“ဥပဒေမဲ့ ကျူးလွန်ခဲ့သည့် ရဲဝန်ထမ်းအား ဥပဒေနှင့်အညီ အရေးယူပေးရန်”
“ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းပေးရန်”…. ။
ဦးပန်းအောင်အနေနှင့်က ကျောင်းသားထုကြီး၏ တောင်းဆိုချက် ၂ ရပ်စလုံးအား မည်သို့မျှ မစွမ်းဆောင်နိုင်…။ လှည့်ပြန်သွားခဲ့၏။
မကြာ…။
တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းမကြီးများဆီမှ စစ်သားများအပြည့်နှင့် စစ်ကားကြီးများ မောင်းနှင်၍ ချီတက်လာခဲ့၏။
ငါးမိနစ်အတွင်း ကျောင်းသားထုအား လူစုခွဲပေးရန်လည်း အသံချဲ့စက်များဖြင့် အမိန့်ပေးနေ၏။ အဆက်မပြတ် …. ။ လူစုကြီးသည် အနည်းငယ် ရှဲ၍ကျဲသွား၏။ စက္ကန့်ငယ်ပေါင်း သုံးရာ့ငါးဆယ်သည် မကြာ…။ ပထမ… မီးများအားလုံးအား ဖြတ်လိုက်သည်။ လှည်းတန်းသည် ချက်ချင်း အမှောင်ထုအတွင်း ရောက်သွား၏။ ဒုတိယ … မီးသတ်ကားများ အရှေ့သို့ တက်လာ၏။ ဝဲယာတွင်က လုံခြုံရေးတပ်သားများ ဝန်းရံလျက်…။ မီးသတ်ပိုက်များနှင့် ကျောင်းသားထုအား ထိုးခွဲ၏။ မကွဲ…။ လမ်းမပေါ်ရှိ ကျောင်းသားထုအား စစ်သားများက ဝိုင်းတားလိုက်ကြ၏။
ပလက်ဖောင်းတလျှောက်တွင်မူ လုံခြုံရေးတပ်သားတို့က မဲမဲမြင်သမျှ လိုက်လံ၍ရိုက်၏။ ဖမ်းဆီး၏။ အပြိုပြိုအလဲလဲ …။ အကွဲကွဲအပြဲပြဲ …။ သန်းခေါင်းယံ လူသတ်ပွဲကြီးတစ်ရပ်အား အာဏာသိမ်းအစိုးရသည် ဆင်နွှဲ၍နေသည်။ လှည်းတန်းက … အရုပ်ဆိုးအကျည်းတန်နေ၏။
ညက… မှောင်မှောင်မဲမဲ…။ အေးစိမ့်မှု့က… နက်နက်ရှိုင်းရှိုင်း….။ ကျောင်းသားတရာကျော်အား အာဏာပိုင်များက ဖမ်းဆီးလိုက်၏။ T.E.11 ကားကြီးများဖြင့် ကျိုက္ကဆံကွင်းသို့ ခေါ်ဆောင်သွားကြ၏။
အာဏာပိုင်များက …. တက္ကသိုလ်ရိပ်သာလမ်းအား ပိတ်ထားလိုက်ပြန်သည်။
“Fascist Disneyland Night”
No comments:
Post a Comment