ခိုင်လင်း
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တပ်မဟာ (၃) နယ်မြေအနီးတွင် မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံတပ်များက စစ်ကြောင်း သွားလာလှုပ်ရှားနေသဖြင့် ကေအိုင်အိုတပ်ဖွဲ့ဝင်များလည်း စစ်ရေးသတိဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံမှ သစ်ခိုးထုတ်မှုကို နှိမ်နင်းသည့် အကြောင်းပြချက်ဖြင့် မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်း ဦးစီးသည့် စစ်ကြောင်းများက ယခုလ (၇) ရက်နေ့မှစတင်၍ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း၊ ခြေလျင်ဖြင့် လည်းကောင်း သစ်ထုတ်သည့် လမ်းကြောင်းများတွင် သွားလာလှုပ်ရှားနေခဲ့ရာ ကေအိုင်အို တပ်စခန်းအနီးသို့ ရောက်ရှိလာသဖြင့် စစ်ရေးသတိဖြင့် စောင့်ကြည့်နေကြကြောင်း ကေအိုင်အို တပ်မဟာ (၃) အခြေစိုက်ထားသည့် မိုင်ဂျာယန်ကျေးရွာဒေသခံတဦးက ပြောသည်။
၎င်းက “တရုတ်နှစ်သစ်ကူးတော့မယ်ဆိုတော့ တရုတ်တွေက ပြန်နေပြီ။ တရုတ်တွေပြန်မှ အဲလို လုပ်လာတယ်ဆိုတော့ အမြင်မရှင်းကြဘူး။ ကေအိုင်အိုကလည်း ခုလို စစ်ကြောင်းတွေ ကပ်လာတော့ သူတို့နယ်ထဲ မကျော်လာဖို့ စောင့်ကြည့်နေရတယ်။ သူတို့နယ်ထဲ ဝင်မလာဖို့ စစ်ကြောင်းကို ပြောဆိုရတာတွေ လုပ်ခဲ့ရသေးတယ်” ဟု ပြောသည်။
နအဖစစ်ကြောင်းများသည် တရုတ်သစ်လုပ်ငန်းရှင်များ ဖောက်လုပ်ထားသည့် သစ်ထုတ်လမ်းကြောင်းများ တလျှောက်တွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာနိုင်ရန် ဒေသအတွင်းရှိ လိုင်စင်မဲ့ယာဉ်များကို ချောဆွဲအသုံးပြုခဲ့သည်ဟု အဆိုပါဒေသခံက ပြောသည်။
၎င်းက “ဝစ်သောက်ကားတွေ၊ ဆိုင်ကယ်တွေကို ချောဆွဲနေတာ။ ဆီလည်း ထုတ်ပေးတာမဟုတ်ဘူး။ သူတို့က အဲဒါတွေနဲ့ သွားလာနေတာ။ သူတို့တပ်မှာ သုံးနေတဲ့ စစ်ကားတွေ မသုံးဘူး။ အရပ်သားကားတွေနဲ့ပဲ။ တောထဲမှာ ဆိုပေမယ့် လမ်းတွေက တရုတ်က ကောင်းကောင်း ဖောက်ထားတာ။ ကား (၂) စီး ရှောင်ကွင်းလို့ရအောင် ဖောက်ထားတာ” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ဖိအားပေးခြင်းကို ခံနေရပြီး ပင်လုံစာချုပ်ပါ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြောင်း၊ အဆိုပါ အခွင့်အရေးများ မရသရွေ့ နယ်ခြားစောင့်တပ် လက်ခံမည်မဟုတ်ကြောင်း ယခုလ (၅) ရက်နေ့တွင် ကျရောက်သည့် (၄၉) နှစ်မြောက် ကေအိုင်အို တော်လှန်ရေးနေ့တွင် ဥက္ကဋ္ဌ ဦးဇောင်းဟရား၏ သဝဏ်လွှာ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ယခုကဲ့သို့ ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် သဘောထားကို ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း နအဖစစ်ကြောင်းများက ကေအိုင်အို ထိန်းချုပ်နယ်မြေအနီး ချဉ်းကပ်လှုပ်ရှားလာနေခြင်းဖြစ်သည်။
ကေအိုင်အိုတော်လှန်ရေးနေ့ သဝဏ်လွှာကို တုံ့ပြန်သည့်အနေဖြင့် ကေအိုင်အိုအဖွဲ့၏ စီးပွားရေးလုပ်ငန်းတခုဖြစ်သည့် သစ်လုပ်ငန်းများကို နှောင့်ယှက်ဟန့်တားသကဲ့သို့ စစ်ရေးအရ ခြိမ်းခြောက်ခြင်းဖြစ်နိုင်သည်ဟု တရုတ်-မြန်မာနယ်စပ် နိုင်ငံရေးအကဲခတ်များက ခန့်မှန်းနေကြသည်။
No comments:
Post a Comment