မင်းထက်အောင်၊ ကောင်းဝါ
ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့များအကြား မြဝတီမြို့ပေါ်၌ ယနေ့နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပေါ်နေစဉ် နေ့လည်ပိုင်းတွင် ဘုရားသုံးဆူမြို့အား ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်သိမ်းပိုက်လိုက်ပြီဟု ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
အဆိုပါ ဘုရားသုံးဆူမြို့သိမ်းတိုက်ပွဲတွင် ကေအဲန်ယူတပ်ဖွဲ့များလည်း ဒီကေဘီအေနှင့်အတူ ပါဝင်သည်ဟု ကေအဲန်ယူတပ်မဟာ(၆) ပြောခွင့်ရ ဗဒိုထဲနေက ပြောသည်။
“လောလောဆယ် မြန်မာတပ်ဖွဲ့ဆီကလက်နက် (၉) လက်သိမ်းဆည်းရပြီ၊ အသေအပျောက်စာရင်းတွေ မသိသေးပါ” ဗဒိုထဲနေပြောသည်။
SB, စရဖ၊ သစ်တော၊ စိုက်ပျိုးရေး အစရှိသည့် အစိုးရဌာနရုံးများကို သိမ်းဆည်းမီးရှို့ဖျက်ဆီးခဲ့ရာတွင် သက်ဆိုင်ရာဝန်ထမ်းအချို့ အသေအပျောက်ရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ဘုရားသုံးဆူမြို့နေမြန်မာပြည်သူများ ထိုင်းနယ်မြေဘုရားသုံးဆူရွာနှင့် မွန်ပြည်သစ်ပါတီထိမ်းချုပ်ရာ ဂျပန်ရေတွင်းရွာသို့ ဝင်ရောက်ခိုလှုံနေကြရသည်။
ယနေ့ညတွင် ဘုရားသုံးဆူမြို့၌ တိုက်ပွဲကြီးများဖြစ်ပေါ်နိုင်သည်ဟု ဒေသခံများယူဆပြောဆိုကြသဖြင့် ဘေးလွတ်ရာသို့ နေအိမ်များစွန့်ခွာကာ ထွက်ပြေးကြခြင်း ဖြစ်သည်။
ဘုရားသုံးဆူမြို့နှင့်အနီးအနားပတ်ဝန်းကျင်ဒေသ၌ အင်အား(၁၂၀)ခန့်ရှိ ခမရ(၂၈၃) တပ်ရင်းအပြင် အင်အား(၆၀) နီးပါရှိ ခမရ(၄၀၅) တပ်ရင်း၊ စစ်ကြောင်း(၁) လုံခြုံရေးမပေးနိုင်တော့သည့် အခြေအနေတွင် ရှိနေသည်။
အဆိုပါမြန်မာစစ်အစိုးရတပ်ဖွဲ့များမှာ ၄င်းတို့၏တပ်ကုန်းစခန်းအတွင်း ဝင်ရောက်ပုန်းခိုနေကြောင်း စစ်သတင်းရပ်ကွက်များမှ သိရသည်။
ဘုရားသုံးဆူမြို့ရှိရဲစခန်းမှာလည်း ကရင်လက်နက်ကိုင်တပ်ဖွဲ့များအား လက်နက်မချလျှင် ခြေမှုန်းပစ်မည်ဟု သတိပေးခြင်းခံနေရသည်။
ယနေ့နံနက်စောစောပိုင်းတွင် မြဝတီမြို့ပေါ်၌ ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်နှင့် ဘုရားသုံးဆူအနီးတဝိုက်လှုပ်ရှားနေသော ခမရ(၄၀၅) စစ်ကြောင်းက မဲ့ကသာအခြေစိုက် ဒီကေဘီအေ(၉၀၇) တပ်ရင်းအား ဖိအားပေးမှုဖြစ်ပေါ်ရာမှ ဘုရားသုံးဆူမြို့သိမ်းသည့် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်ခဲ့သည်ဟု နယ်စပ်စစ်ရေးစောင့်ကြည့်သူများ ထောက်ပြပြောဆိုနေသည်။
No comments:
Post a Comment