Tuesday, November 9, 2010

ခွန်ဆာဌာနချုပ် ဟိုမိန်းမြို့နယ်ခွဲ၌ ကြံ့ခိုင်ရေးပါတီမဲလိမ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲမဲရုံတခု၌ ပြည်နယ်လွတ်တော်အမတ်လောင်း ပြည်ခိုင်ဖြိုးပါတီက ကျားဖြူ ပါတီ၏ မဲတ၀က်ပင် မမီသဖြင့် အရှက်တကွဲမဖြစ်စေရန် ဗျူဟာမှူးဆန္ဒအရ ပြည်ခိုင်ဖြိုးအတွက် ထောက်ခံမဲများ ထပ်ထည့်ခိုင်းသည်ဟု စုံစမ်းသိရှိရသည်။

“ဟိုမိန်းမှာကျားဖြူပါတီက ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ ရပ် နိုင်တယ်။ ထိုင်းနယ်စပ် အပြင်ဖက်မယ့် အောလုံ မဲရုံအမှတ် ၈ မှာ ကျားဖြူက ပြည်နယ်လွှတ်တော်မှာ ၁၁၈ မဲ။ ကြံ့ဖွတ်က ၅၄ မဲ ရတယ်။ တ၀က်လောက် ကွာနေတော့ အရပ်ဝတ် နဲ့လုံခြုံရေးသွားယူတဲ့ တပ်ကြပ်ကြီးဇော်မင်းထိုက်နဲ့ ဒုတပ်ကြပ်အောင်နိုင်လင်းတို့က ညနေ ၅ နာရီခွဲ လောက် မှာ ၁၅ မိုင်ကျော်လောက်ဝေးတဲ့ ဟိုမိန်း အခြေစိုက် ဗျူဟာမှူးဗိုလ်မှူးကြီးရဲနိုင်ကို ဖုန်းဆက်အကြောင်း ကြားတယ်။ မျက်နှာပျက် အရှက်ကွဲမှာစိုးလို့ အထက်ကမငြိုငြင်ရအောင်လုပ်သင့်သလိုလုပ်ပါ ဆိုပြီးဗျူဟာမှူးပြန်ပြော တော့ သူတို့နှစ်ယောက်က မဲရုံ တာဝန်ကျ စိုင်းကျော်လူရယ် ဟိုမိန်းကျောင်းဆရာ တချို့ရယ်၊ ရယကတွေရယ်ပေါင်းပြီး မဲရုံမှူးလက်မှတ် ထိုးထားတဲ့ ခြင်္သေ့ ထောက်ခံမဲတွေခြစ်ထဲ့လိုက်တယ်။ နောက်ဆုံး ၅၄ မဲကနေ ၁၁၄ မဲဖြစ်လာတယ် ” ဟု မဲရုံတာဝန်ကျတဦးကပြောပြသည်။

ဟိုဟ၊ ၀မ့်မိုင်၊ မယ့်အောလုံ ၃ ရွာသွားမဲသွားထဲ့ရသော မယ့်အောလုံ အမက ကျောင်းဝင်းရှိ မဲရုံအမှတ် ၈ မှာ ပြည်နယ် လွှတ်တော် မဲရလဒ်ဖြစ်ပြီး တစညပါတီမှာ ၁၀ မဲကျော်ရသည်ဟုသိရသည်။ မဲရုံပိတ်ချိန် ၄ နာရီခွဲနှင့် ၅ နာရီခွဲကြား ဖြစ်သည် ဟုလဲ ၄င်းကပြောပြသည်။

“ ဟိုမိန်း မြို့နယ်ခွဲ ၂၀ ရွာမှာ လူဦးရေ ၅၇၆၈ ။ မဲပေးပိုင်ခွင့်ရှိသူ ၃၀၁၅ ရှိပေမယ့် အများစုက အိမ်မှာမရှိ ဘူး။ ဆိုတော့ လက် ကျန်လူဦးရေက ၁၉၄၂ ။ အဲ့ထဲမှာမှ မဲလာထဲ့တဲ့လူ ၁၃၂၅ ရှိတယ်တဲ့။ မဲထဲ့ပုံထဲ့နည်း နဲ့ သိရှိနားလည်တာ ၃-၄ ရွာဘဲရှိ တယ်။ တောင်ပေါ်ကျေးလက်တွေကတော့ ပယ်မဲများတယ်။ သူတို့က ကျားဖြူကိုမဲပေးကြတယ်။ ဒါပေမယ့် လေးဒေါင့် ကွက်ထဲမှာခြစ်မပေးဘူး။ ကျားဖြူကိုယ်ပေါ်မှာ ခြစ်တော့ ပယ်မဲဖြစ် သွားတာ” ဟု ဟိုမိန်းမြို့ခံတဦးကလည်း ပြောပြသည်။

အဆိုပါ ကြံ့ဖွတ်ထောက်ခံမဲထပ်ဖြည့်ရာတွင် နာမည်စာရင်းပါပြီး ခရီးလွန်နေသူများ၊ မဲဆန္ဒမပေးသူများ၏ နာမည် နေရာအစားထိုး ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ခွန်ဆာ့ MTA စခန်းဟောင်းဖြစ်သော ဟိုမိန်းမြို့ နယ်ခွဲ တွင် မဲရုံ ၉ ရုံရှိပြီး အရပ်ဝတ်စစ်သားများနှင့် လက်နက်ပါ SSS ကုမ္မဏီ နယ်ခြားကာကွယ်ရေးတပ် တို့ကမဲရုံလုံခြုံရေးယူပေး သည်ဟုသိရသည်။

No comments: