မင်းဆက်ခိုင်
ဘင်္ဂ လာဒေခ်ျ့ အခြေစိုက် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ နိုဝင်္ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကန့် ကွက်သည့် ဆန္ဒပြပွဲ တရပ်ကို ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ ဒက္ကားမြို့ မြန်မာ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။
နိုဝင်္ဘာလ ၅ ရက်နေ့က နံနက် ၁၁ နာရီ အချိန်တွင် “၂၀၁၀ ရွေးကောက်ပွဲ - အလိုမရှိ၊ တွေ့ဆုံ ဆွေးနွေးရေး အမြန်ခေါ်၊ ” စသည့် ကြွေးကြော်သံများနှင့် ဆန္ဒပြပွဲကို စတင်ခဲ့ကြသည်။
ဆန္ဒပြရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ပြောသည်။
“နိုဝင်္ဘာလ ၇ရက်နေ့မှာ နအဖစစ်အစိုးရက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ပွဲ ဝင်ခြင်း အနေနဲ့ ဆန္ဒပြရတာပါ။ ကျမတို့ အခုလို ဆန္ဒပြခြင်းအားဖြင့် နအဖစစ်အစိုးရက လုပ်နေတဲ့ ရွေးကောက်ပွဲဟာ မတရားဆိုတာကို ကျမတို့ ပြည်သူတရပ်လုံး သိလာစေချင်ပါတယ်။ ပြီးတော့ ပြည်သူတရပ်လုံးမှာ ကိုယ်ပိုင် အခွင့်အရေးတွေကို ဖေါ်ထုတ်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ဒါကြောင့် ကိုယ့်ပိုင် အခွင့်အရေး တွေအတွက် တိုက်ပွဲဝင်ရမယ်။ နောက် တိုင်းရင်းသား လူထု တရပ်လုံးကလည်း ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အနေအထား ကို သိစေချင်တဲ့အတွက် ဆန္ဒပြပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသော ဆန္ဒပြပွဲကို မွန်းတည့် ၁၂နာရီခန့်တွင် အဆုံးသတ်ခဲ့ကြပြီး တဆက် တည်းတွင် ဒက္ကားမြို့ရှိ တရားရုံးချုပ်ရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲကို နေ့လည် ၁နာရီ ၁၅မိနစ် တွင် အဆုံးသတ်ခဲ့ကြသည်။
“ပြည်သူလူထုတရပ်လုံးအနေနဲ့ ကြောက်နေရမယ့် အချိန် မဟုတ်တော့ပါဘူး။ ပြည်သူတွေမှာ အခွင့်အရေး ဆိုတာရှိပါတယ်။ အဲဒီ အခွင့်အရေးကို ထိုင်နေလို့မရပါဘူး၊ ကျမတို့တိုက်ယူမှရမှာပါ။ ပြီးတော့ တိုင်းရင်းသား တွေအနေနဲ့လည်း အခွင့်အရေးကို ပေးပါ ပေးပါဆိုပြီးတော့ လက်ဖြန့် တောင်းနေရုံနဲ့မရပါ။ တိုက်ပွဲ ပေါင်းစုံနဲ့ ကျမတို့တိုက်ပွဲဝင်ရမယ်ဆိုတာကို တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ပြည်သူတွေကို ကျမ ဒီနေရာကနေပြီးတော့ ပြောချင်ပါတယ်။”
ဆန္ဒပြပွဲတွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ စုစုပေါင်း ၃၀ခန့် တက်ရောက်ခဲ့ပြီး ဒေသခံ ဘင်္ဂလာဒေ့ခ်ျသတင်းဌာများမှ သတင်းထောက် ၂၀ နီးပါးခန့် လာရောက် သတင်းယူခဲ့ကြသည်။
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး RWU ၏ ထုတ်ပြန်ချက်ကို လည်း ပြည်သူများနှင့် သတင်းထောက်များအကြားတွင် ဖြန့်ဝေခဲ့ကြသည်။
No comments:
Post a Comment