Wednesday, November 10, 2010

ရွေးကောက်ပွဲ ရလဒ် ကြေငြာရန် အခက်တွေ့နေပြီလော

သျှမ်းသံတော်ဆင့်

နိုင်ငံတစ်ဝှမ်းလုံး ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ၈၀ ရာခိုင်နူန်း အနိုင်ရကြောင်း ၎င်းပါတီ၏အပြောကို ကိုးကား၍ သ တင်းများက ဆိုနေသည့်တိုင် တရားဝင်ရလဒ် အနေဖြင့် စစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က ယနေ့အထိ မထုတ်ပြန်နိုင်ပဲ ဖြစ်နေသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအပြီး ၃ ရက်ကြာလာသည့်တိုင် နေရာအချို့၌ မဲစာရင်းချုပ်ရန်ပင် အခက်တွေ့နေပြီး ထွက်ပေါ်လာသည့် ရလဒ်အပေါ် ပြိုင်ဘက်နိုင်ငံရေးပါတီများ အငြင်းပွားနေကြဆဲဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ မဲစာရင်းအရ ကြံ့ခိုင်ရေးပါတီ ရှုံးနေသော်လည်း ယမန်နေ့က ကော်မရှင် မဲစာရင်း ချုပ်ရာ ပြန်လည် အနိုင်ရသောကိစ္စအပေါ် ကျားဖြူပါတီဝင်များ မကျေမနပ်ဖြစ်နေကြောင်း ပါတီနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“မနေ့က ဒီကိစ္စကျားဖြူပါတီအစည်းအဝေး ထိုင်တယ် ပထမမဲရေတဲ့အခါမှာ ကျားဖြူကနိုင်နေတယ်။ အဲဒါမဲ စာရင်း မချုပ်ပဲ အချိန်ဆွဲထားတယ်၊ မနေ့က ကော်မရှင်က စာရင်းချုပ်တဲ့အခါကျတော့ ပြည်နယ်လွတ်တော် ၂ မှာ ၀င်ပြိုင်တဲ့ ကြံ့ဖွံ့ပါတီ ပန်းဆေးကျော်မြင့်ရဲ့ ပထမရေထားတဲ့မဲထက် ၃ ထောင်ကျော်တောင်ပိုလာတယ် ကျနော်တို့ကို ပြန်နိုင် သွားတာပေါ့” ဟု နီးစပ်သူက ဆိုသည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကိုလည်း ရူံးပြီဟု ကော်မရှင်က ကြေငြာပြီး နောက်တစ်နေ့၌ အနိုင်ရသည်ဟု ပြင်ဆင်ပြောကြားမှုရှိကြောင်း ဧရာဝတီသတင်း ဋ္ဌာနတွင် ရေးသားထားသည်။

နအဖရွေးကောက်ပွဲကော်မရှင်နှင့် ကြံ့ခိုင်ရေးပါတီတို့ မသမာသည့်နည်းဖြင့် ကြိုတင်မဲများ ကောက်ယူခဲ့သည့် အပြင် မဲစာရင်း ထိန်ချန်ပြီး လိုတိုးပိုလျှော့လုပ်နေကြသောကြောင့် ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ရန် နှောင့်နှေးနေခြင်း ဖြစ်ကြောင်း လေ့လာ သူများက ဆိုသည်။

ရွေးကောက်ပွဲနေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ကို သျှမ်းသံတော်ဆင့်က လက်လှမ်းမှီသ၍ ဆက်သွယ်မေးမြန်း ရာ ကျားဖြူက ပြိုင်ဘက်များထက် အားသာကြောင်း သိရသော်လည်း ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသော သတင်း များမှာမူ ကြံ့ခိုင်ရေး အနိုင်ရကြောင်း သိရသည်။

ယခုကျင်းပသည့် ရွေးကောက်ပွဲသည် ကြံ့ခိုင်ရေးမှ ဥပဒေနှင့်မညီကြောင်း အပ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ အားလုံးနှင့် ပါတီကိုယ်စားလှယ်များ တစ်ခဲနက် ဝေဖန်ထောက်ပြကြပြီး ရွေးကောက်ပွဲရလဒ်အပေါ် အသိအမှတ်မပြုရန် တောင်းဆိုမှုများ ရှိနေသည်။

ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲဝင်စရာမလိုပဲ မဲဆန္ဒနယ်မြေ ၅၂ နေရာ အနိုင်ရထားပြီး အပြည်လုံးတွင် ၈၀ ရာခိုင် နူန်းကျော် အနိုင်ရသည်ဟု ဆိုသည်။

မဇျွိမသတင်းဋ္ဌာန ဖေါ်ပြသည့် စာရင်းအရ ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော် ၂ ရပ်ပေါင်း ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွတ်တော်အတွင်း အရပ်သားလွတ်တော်ကိုယ်စားလှယ် ၄၉၈ ဦးအနက် ယခု ၃၇ ဦးသာရှိသေး သဖြင့် ၇.၄၃ ရာခိုင်နှုန်းမျှသာ ဖြစ်ကြောင်း သိရသည်။

No comments: