မောင်အေး
ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သူ ဦးမြတ်ထွန်းကို ဇူလိုင်လ ကတည်းက မိသားစုနှင့် အလှမ်းဝေးသည့် ဧရာဝတီတိုင်း မြောင်းမြထောင်သို့ ပြောင်းရွေ့လိုက်သည့် အတွက် မိသားစုများအနေဖြင့် ယခုတိုင် ထောင်ဝင်စာ သွားမတွေ့နိုင်ဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ဦးမြတ်ထွန်းအား မြောင်းမြထောင်သို့ ပြောင်းရွေ့လိုက်ခြင်းနှင့်ပတ်သတ်ပြီး မိသားစုဝင် အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“သူတို့ ဇူလိုင်လ ၁၂ ရက်နေ့က ဘူးသီးတောင်ထောင်ကနေ ကျောင်းသားခေါင်းဆောင် တစ်ဦးနဲ့ အတူ စစ်တွေကို ဓည၀တီ ၃ သင်္ဘောနဲ့ယူသွားပြီး စစ်တွေအမှတ် ၁ ရဲစခန်းမှာ ထားတယ်။ အဲဒီက တဆင့် ဦးမြတ်ထွန်းကို ၂၅ ရက်နေ့မှာ တောင်ကုတ်ကိုသွားတဲ့ သင်္ဘောနဲ့ ထည့်ပေး လိုက်ပြီး တောင်ကုတ်က တဆင့် မြောင်းမြ ထောင်ကို ပို့လိုက်တယ်။ ကျောင်းသား ခေါင်းဆောင် ကိုတော့ စစ်တွေ ထောင်မှာ ထားတယ်လို့သိရတယ်။
ယခုကဲ့သို့ မိသားစုနှင့်အလွန်ဝေးသည့် ဧရာဝတီတိုင်းဘက်သို့ မည်သည့်အကြောင်းကြောင်း ပြောင်းရွေ့ လိုက်သည်ကို မိသားစုဝင်များအနေဖြင့် ယခုတိုင် မသိရှိရသေးကြောင်း သူမက ပြောသည်။
ဦးမြတ်ထွန်းအား ပြောင်းရွေ့သွားသည်မှာ လေးလနီးပါး ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း မိသားစုများ အနေဖြင့် တကြိမ် တခါမျှ သွားမတွေ့နိုင်သေးကြောင်း သူမကပြောသည်။
“အခုဆို သူထောင်ပြောင်း သွားတာ လေးလလောက်ရှိပြီ ဖြစ်ပါတယ်။ ကျမတို့ တကြိမ်လည်း သွားမတွေ့နိုင်သေးဘူး။ ဒီမှာလည်းစား ၀တ်နေရေး အဆင်မပြေတော့ မသွားနိုင်ဘူး။ ဘူးသီးတောင် မှာတုန်းကဆို တလတခေါက် လောက်တော့ တွေ့နိုင်တယ်။ အခုတော့ ပိုဆိုးသွားတာပေါ့နော်။”
ဦးမြတ်ထွန်းမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သ၀င်ချောင်းကျေးရွာမှ ရဲအရာရှိ အငြိမ်းစား တစ်ဦး ဖြစ်သည်။
ဦးမြတ်ထွန်းကို ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့က ဘူးသီးတောင်ဗျူဟာဂိတ်တွင် စရဖ ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးပြီးနောက် မောင်တောခရိုင်တရုံးမှ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုအပါအ၀င် တခြား အမှုများဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ပြီး ဘူးသီးတောင်အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ရာမှ နောက်ပိုင်းတွင် မြောင်းမြ ထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment