Tuesday, November 2, 2010

ပြည်သူမေးခွန်းများ ယူအက်စ်ဒီပီကိုယ်စားလှယ်မတုံ့ပြန်နိုင်

ခိုနုမ်းထုန်သတင်း၊ ၀၂ နိုဝင်ဘာ ၂၀၁၀

ချင်းပြည်နယ်မှ ယူအက်စ်ဒီပီကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ပါတီစည်းရုံးရေး ဟောပြော ရာ တွင် ပြည်သူ၏ မေးမြန်းချက်များကို မတုံ့ပြန်နိုင်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်ဒေါက်တာမှုထန်းသည် ယခုလ ဒုတိယ ပတ်အတွင်း နယ် ဆင်း စည်းရုံးရာတွင် သယံဇာတတွေမထွက်တဲ့ချင်းတောင် နှင့် ဆင်းရဲတဲ့ချင်းပြည်များအနေဖြင့် ကြံ့ဖွံ့ပါတီကို မဲပေးမှသာ ဒေသခံများ၏ စားဝတ်နေရေးချောင်လည်လာမည်ဟု စည်းရုံးခြင်းဖြစ်သည်။

“ကျတော်တို့ ချင်းပြည်သူတွေက တလျှောက်လုံး ကိုယ့်အားကိုယ်ကိုးပြီး စားသောက်လာတာပဲ၊ စားဝတ်နေရေးချောင် လည်မယ်ဆိုတာက ဘယ်လိုလုပ်ပေးမလဲ၊ အစကတည်းက ဘာလို့မလုပ်ပေးတာလဲလို့မေးတော့ ဘာမှ မတုံ့ပြန်ဘူး ” ဟု ဒေသခံတဦးက ပြောသည်။

ဒေါက်တာမှုထန်းနှင့် အဖွဲ့သည် ယခုလအတွင်း ထန်တလန်မြို့နယ် ၄င်းမဲဆန္ဒနယ်အတွင်း တလနီးနီး ကွင်းဆင်း စည်း ရုံးကြောင်း၊ စည်းရုံးရာတွင် ပြည်သူအား ခြိမ်းခြောက်မှုတွေလုပ်နေကြောင်း သိရသည်။

” ကြံ့ဖွံ့ပါတီက အနိုင်ရကို ရရမှာ၊ မဲမပေးလို့ နောင်တရတယ်ဆိုတာမျိုးမရှိအောင် မတွေဝေကြနဲ့လို့ စည်းရုံးတယ် ” ဟု ဆူရ်ငင်းရွာသား တဦးက ပြောသည်။

တဆက်တည်း ဒေသခံတဦးက အနိုင်ရဖို့သေချာယင် မဲထည့်စရာမလိုကြောင်းပြန်မေးသော်လည်း ပြန်လည်မဖြေကြား ကြောင်း သိရသည်။

ဒေသခံတချို့သည် ကြံ့ဖွံ့ပါတီသည် အစိုးရဖွဲ့ဖို့သေချာပြီဖြစ်သောကြောင့် အခွင့်အရေးမဆုံးရှူံးအောင် မဲပေးရန်ပြင် ဆင် နေကြကြောင်းလည်း သိရသည်။

” သူတို့က တပ်မတော် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းမှာဆိုတော့ ရမှာပဲ၊ အခွင့်အရေးတွေတကယ်ရှိယင် ကျတော်တို့ပဲ နစ်နာမှာ” ဟု ဒေသခံတဦးက ပြောပြသည်။

ဒေါက်တာမှုထန်းသည် မိမိကိုယ် ချစ်မြတ်နိုးယင် မိမိကို မဲပေးရန် လူထုကို စည်းရုံးရာတွင် ပြည်သူတွေက ကာယကံရှင်ကို မမုန်းကြောင်း သို့သော် သူ့ရဲ့ပါတီကိုတော့ မဲမပေးချင်ကြောင်း ပြောဆိုနေကြသည်ဟု သိရသည်။

” ခြင်္သေ့တံဆိပ်ကိုတော့ ကြောက်တယ်၊ ဒေါက်တာကိုတော့ ချစ်တယ်” ဟု ဒေသခံတဦးက ပြောသည်။
ဒေါက်တာမှုထန်းသည် ၁၉၉၀ ရွေးကောက်ပွဲက ထန်တလန်မြို့နယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

No comments: