Monday, November 8, 2010

ကြံ့ဖွတ်ဝတ်စုံမဲရုံဝန်ထမ်းများနှင့်ရွေးကောက်ပွဲကျင်းပရာ မွန်ပြည်နယ်၌မဲမသမာမှုများဖြစ်ပွားခဲ့

မင်းထက်အောင်၊ ကောင်းဝါ


ယနေ့ရွေးကောက်ပွဲတွင်ပါဝင်ကြသော မဲရုံဝန်ထမ်းများမှာ ကြံ့ဖွတ်ဝတ်စုံများဝတ်ဆင်ထားကြောင်း ပြည်တွင်းသတင်းဌာနEleven Media Group သတင်းဓါတ်ပုံဖေါ်ပြချက်တရပ်တွင် တွေ့ရှိရသည်။

ထို့အပြင် ယနေ့နံနက်စောစောပိုင်း မဲပြားစတင်ထည့်ကြရာ၌ မွန်ပြည်နယ်အတွင်း ကြံ့ဖွတ်ပါတီ မဲအနိုင်ရရှိရေးအတွက် မဲရုံများတွင်မသမာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး၏ ဇာတိရွာဖြစ်သော မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာ မဲရုံ(၂)၌ မဲရုံမှူးကိုယ်တိုင် မဲပြားများပေါ်တွင်လက်မှတ်ရေးထိုးစဉ် ပြည်ခိုင်ဖြိုးပါတီအား အမှန်ခြစ်ပေးသည်ကိုတွေ့ရှိခဲ့သဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကန့်ကွက်ပြောဆိုခဲ့သည်။

အလားတူ အနီးအနားရွာဖြစ်သော ကော့ခလယ်ရွာတွင်လည်း ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များ မဲရုံရှေ့၌ မဲဆွယ်မှုများပြုလုပ်ယုံမက မဲရုံအတွင်းမဲထည့်ဝင်သူများကိုယ်စား မဲပြားပေါ်တွင်ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံမဲရေးခြစ်ပေးနေသဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကန့်ကွက်ပြောဆိုခဲ့ရပြန်သည်။

သံဖြူဇရပ်မြို့ပေါ်တွင်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ထောက်ခံမဲထည့်သူများဟု ယူဆရသူများ၏မဲပြားများတွင် မဲရုံမှူးလက်မှတ်မရေးထိုးသောမဲပြားများဖြင့် ဆန္ဒမဲပေးစေခဲ့သည်။

“ကျမမဲပြားမှာ မဲရုံမှူးလက်မှတ်မပါလို့ လက်မှတ်ထိုးပေးပါလို့သွားပြောတော့ မဲထည့်ပြီးမှ လက်မှတ်ထိုးပေးမယ်ဆိုလာတယ်၊ ဒါဆို ပယ်မဲဖြစ်သွားမယ်၊ မရဘူး၊ မဲရုံမှူးလက်မှတ်ပါမှရမယ်ပြောတော့ သူလက်မှတ်ထိုးပေးတယ်၊ ကျမကမွန်ပါတီကိုပဲ မဲထည့်တာပေါ့”ဟု သံဖြူဇရပ်မြို့သူတစ်ဦးက ပြောသည်။

ထို့အပြင် ရေးမြို့နယ်၊ ဒူးယားကျေးရွာ၌ ကြံ့ဖွတ်ပါတီအားမဲပေးသူမရှိသလောက်ဖြစ်နေသဖြင့် မဲရုံမှူး၊ မဲရုံဝန်ထမ်းများ ရှောင်ပြေးနေကြပြီး အချိန်မီမဲပေးနိုင်ရန်စောင့်ဆိုင်းနေရကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ဒီရွာမှာမဲပေးရတာက လူဦးရေး လေးထောင့်ရှစ်ရာကျော်တယ်၊ မဲရုံနှစ်ရုံပဲရှိတာက အထက်တန်းကျောင်းထဲမှာ၊ မဲရုံဝန်ထမ်းတွေကိုစောင့်နေရတုန်းပဲ၊ အပြင်တစ်နေရာထွက်သွားတာ ခုထိပြန်မလာသေး၊ မဲရုံပိတ်တဲ့အထိစောင့်နေကြမှာ” ဟု ဒူးယားရွာသားတစ်ဦးက ဖုန်းဖြင့်ပြောသည်။

အထူးသဖြင့် မဲရုံမှူးများမှာ ကြံ့ဖွတ်ပါတီဝတ်စုံများဝတ်ဆင်ထားကြပြီး မွန်ဒေသလုံးဆိုင်ရာပါတီဝင်များမှာ သာမန်ရိုးရိုးအရပ်ဝတ်အင်္ကျီများနှင့် မွန်ဟင်္သာရင်ထိုးတံဆိပ်များသာ တပ်ဆင်ခွင့်ရှိကြသည်။

မဲရုံဧရိယာကိုက်(၅၀၀) အတွင်း မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခွင့်မပြုဟု မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က လွန်ခဲ့သည့်ရက်ပိုင်းအတွင်း နှုတ်အမိန့်ထုတ်ပြန်ခဲ့သည်။

No comments: