Monday, November 1, 2010

ကြိုတင်မဲထည့်မည့် အစိုးရ၀န်ထမ်းတွေ အကြပ်ရိုက်

ခိုနူမ်းထုန်သတင်း၊ ၀၁ .၁၀. ၂၀၁၀

ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရမည့် အစိုးရ၀န်ထမ်းများ ကိုယ်ကြိုက်သည့် ပါတီကို မဲမထည့်ရဲတော့ကြောင်း ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ် မြို့သစ်ရှိ အစိုးရ၀န်ထမ်း တဦးက ပြောသည်။

” လှို့ဝှက်မဲ မဟုတ်တော့ဘူး၊ မည်သူက ဘယ်ပါတီကို ထည့်တယ် ဆိုတာ မဲရုံးတာဝန်ကျတွေက သိထားရမယ်လေ” ဟု ဒေသခံ တဦးက ပြောသည်။

ရွေးကောက်ပွဲကာလအတွင်း မဲရုံစောင့်အဖြစ် နယ်များတွင် တာဝန်ပေးခံကြရသည့် မြို့ပေါ်မှ အစိုးရ၀န်ထမ်းများသည် နယ်မဆင်းခင် ကြိုတင်မဲပေးရမည်ဖြစ်ပြီး ယင်းကြိုတင်မဲပေးရာတွင် ကိုယ်ထည့်ချင်သည့်ပါတီကို နှုတ်ဖြင့် ပြောရ မှာဖြစ်သောကြောင့် ယခုကဲ့သို့ အကြပ်ရိုက်နေကြခြင်းဖြစ်သည်။

” ကျတော်တို့က နယ်မှာ တာဝန်ကျမယ်ဆိုတော့ နယ်မဆင်းခင် ကြိုတင်မဲထည့်ရမယ်၊ မဲပြားက မရောက်သေးဘူး၊ ဘယ်ပါတီကို မဲထည့်မည်ဆိုတာကို နှုတ်ဖြင့် ပြောသွားကြမှာ၊ အဲဒါကို သက်ဆိုင်ရာက မဲပြားမှာ ခြစ်ပေးမှာဖြစ်တယ် ” ဟု အဆို ပါ ၀န်ထမ်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်သည် မဲပုံး၊ ကြိုတင်မဲပေးစာရင်းများကိုသာ နယ်သို့ ပို့နိုင်သေးကြောင်း မဲပြားများ ယခုထိ နယ်စွန်နယ်ဖျားသို့ မရောက်သေးကြောင်း သိရသည်။

” လူထုကတော့ အကြောင်းမဟုတ်ဘူး၊ ကျတော်တို့ ၀န်ထမ်းတွေက ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးဘို့ ခက်နေတယ်၊ ” ဟု ကျောင်းဆရာတဦး က ပြောသည်။

အဆိုပါ ကြိတင်မဲစာရင်းတွင် ကြိုတင်မဲ ပေးသူအမည်၊ အဘမည်၊ မှတ်ပုံတင်နံပါတ်ကိုသာ ရေးရမည်ဖြစ်သည်။

” အခုနေအတိုင်းဆိုယင် ကြိုတင်မဲ့ထည့်မယ့် ၀န်ထမ်းတွေက ယူအက်စ်ဒီပီပါတီကိုပဲ ထည့်ချင်တယ်လို့ ပြောကြတော့မှဲာ” ဟု ရယက အဖွဲ့ဝင်တဦးက ပြောသည်။

အောက်တိုဘာ နောက်ဆုံးပတ်တွင် ရိဒ်ခေါ်ဒါရ် သို့ ယူအက်စ်ဒီပီပါတီ နှင့် ချင်းတိုးတက်ရေးပါတီတို့ စည်းရုံးဟောပြော ကြရာတွင် ယူအက်စ်ဒီပီသို့ လူ ၃၀ ခန့်၊ ချင်းတိုးတက်ရေးပါတီသို့ လူ ၁၀၀ ခန့်တက်ရောက်ကြောင်း သိရသည်။


No comments: