ဇော်ကြီး။
ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်သွယ်ထားသည့် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်ရေး တံတားထိပ်ပေါ်တွင် သုံး ရောင်ချယ်အလံအသစ်မတင်ရသေးဟု သိရသည်။
တာချီလိတ်မယ်ဆိုင် အမှတ်(၁)နှင့် အမှတ်(၂) တံတားဂိတ်များတွင် ထိုင်းနိုင်ငံဖက်ခြမ်းမှ အလံများသာတွေ့ရပြီး မြန်မာဖက်ခြမ်းမှအလံများ ယနေ့ထိလွှင့်ထူနိုင်ခြင်းမရှိသေးဟု တာချီလိတ်မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“ကနေ့အထိဗျာ ချစ်ကြည်ရေးတံတားထိပ် နိုင်ငံမျက်နှာစာမှာ နိုင်ငံတော်အလံသစ်ကို အခုထိ မတင်ရ သေးဘူးဗျ။ နေပြည်တော်က အလံအသစ်မရောက်သေးလို့လို့ပြောတာပဲ။ နိုင်ငံခြားသား တွေက အဲဒီ အလံတိုင်ငုတ်တိုကိုပဲကြည့်ကြည့်ပြီး ဓါတ်ပုံရိုက်နေတာ တဖျတ်ဖျတ်နဲ့။ ရှက်ဖို့ ကောင်းလိုက်တာ။”
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စု လွှတ်တော် ပထမ အကြိမ်အစည်းအဝေးစတင် ကျင်းပသည့်နေ့မှစ၍ အာဏာတည်မည် ဖြစ်သဖြင့် ယင်းနေ့တွင်မှ အလံသစ်ကို စတင်အသုံးပြုသင့်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
သို့သော် လွန်ခဲ့သည့် အောက်တိုဘာလ (၂၁)ရက်နေ့ မွန်းလွှဲ ၃ နာရီ အချိန် တနိုင်ငံလုံးရှိ ၀န်ကြီးဌာနများ အားလုံးတွင် အလံသစ်တင်ပွဲကို အခမ်းအနားဖြင့် ကျင်းပခဲ့သော်လည်း တာချီလိတ်နယ်စပ် တံတားထိပ် အပါအ၀င် မြို့ပေါ်ဌာနဆိုင်ရာ အတော်များများတွင် အလံသစ် မတင်နိုင်သေးဟု သိရသည်။
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကိုကြည့်၍ “အလံမရှိတဲ့ တိုင်းပြည်က ဘာနဲ့ သွားတူလဲဆို တော့ စစ်ရှုံးသွားတဲ့ နိုင်ငံကြီးကျနေတာပဲ။ တဖက်ထိုင်းနိုင်ငံကတော့ အလံ တလူလူနဲ့ မြန်မာဖက် ကြည့် လိုက် တော့ အလံတိုင်တွေက ကတုံးတွေချည်းပဲ။ ငုတ်တိုင်ပဲ ရှိတော့တယ်။” ဟု တာချီလိတ်မြို့ခံ က ဆက်ပြောသည်။
သို့သော် အခြားနယ်စပ်ဂိတ်များဖြစ်သည့် မြ၀တီ၊ မဲဆောက်ဂိတ်နှင့်ကော့သောင်း၊ ရနှောင်း ဂိတ်များတွင်မူ အလံ သစ်များ တင်ထားပြီး ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment