ကန္တာရ၀တီတိုင်း(မ်)
လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင်းရှိ မဲဆန္ဒနယ်များမှ မဲရုံတရုံလျှင် လူဦးရေ ၃၀ ဦးသာ မဲပေးရန် စီစဉ်ထားကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှတဆင့် ထွက်ပေါ်လာသော သတင်းများအရ သိရသည်။
လွိုင်ကော် ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများနှင့် နီးစပ်သော မြို့ခံတဦးက “အခြေအနေက ကျနော်တို့ ထင်ထားတဲ့ အတိုင်းဘဲ။ မဲပေးရမည့်သူကို ရွေးထားပြီးသား ဖြစ်နေတယ်။ မဲရုံတရုံကို အယောက် ၃၀ ဘဲ မဲပေးရမှာ ဖြစ်တယ်။ တခြား မဲဆန္ဒရှင်တွေကိုတော့ အိမ်ထောင်စုစရင်းမှာဘဲ ဖြတ်ယူဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။
မဲရုံတရုံလျှင် မဲထည့်ခွင့်ရှိသူ ၃၀ ဦးတို့မှာ ပြည်နယ်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သင်တန်းပို့ချထားသောသူ အများစုတို့ဖြစ်သည်ဟု ဆိုသည်။
“ ၃၀ထဲမှာက သူတို့(ကြံ့ဖွံ့)လူတွေဘဲ။ မဲကို ဘယ်လိုထည့်ရမလဲ ဆိုတဲ့ သင်တန်းပေးထားပြီးတဲ့ လူတွေဘဲ။ လာမည့် ရွေးကောက်ပွဲရက်မှာ ကျနော်တို့ဘာမှ ထွေထွေထူးထူး စောင့်ကြည့်ရတော့မှာ မဟုတ်ဘူး။ အဲ့ဒီရက်မှာ လူ ၃၀ နဲ့ ပုံစံဘဲလုပ်မှာဖြစ်တယ်” ဟု လွိုင်ကော်မြို့မဲဆန္ဒနယ်တွင် လေ့လာစောင့်ကြည့်မည့်သူ တဦးက ပြောသည်။
အဆိုပါ စောင့်ကြည့်သူသည် လွိုင်ကော်မြို့မှ မဲဆန္ဒ-၁အတွင်းရှိ ကျေးရွာအုပ်စုများတွင် လှည့်လည် စုံစမ်းပြီးမှ ယခုလိုပြောပြခြင်း ဖြစ်သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကရင်နီပြည်တွင် ဖြစ်ပေါ်သည့်အခြေအနေကို တချို့ဒေသခံတို့က နိုင်ဝင်ဘာလ ၇ ရက်နေ့ကို စောင့်စရာမလိုဘဲ ရွေးကောက်ပွဲပြီးသွားပြီဟု ဆိုနေကြသည်။
ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်-၃ ကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံတဦးက “ရွေးကောက်ပွဲရက်မှာ ကျနော် မဲသွားထည့်စရာမလိုဘူး။ သူတို့အားလုံး စီစဉ်ပေးပြီးသားဘဲ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှပူစရာမရှိဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင် သတ်မှတ်ထားချက်အရ ကရင်နီပြည်တွင် မဲဆန္ဒနယ် ၁၄ ခုရှိပြီး ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့မှ မဲဆန္ဒနယ်အသီးသီးတွင် ယှဉ်ပြိုင်မှာဖြစ်ပြီး ကယန်းအမျိုးသားပါတီမှာမူ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တွင်သာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
No comments:
Post a Comment