Wednesday, November 17, 2010

မြေပုံ ကျွန်းသာယာတွင် လေဘေးသင့် ပြည်သူများကို စစ်တပ်က လုပ်အားပေး စေခိုင်းနေ

(အင်တာဗျူး သတင်း)

ဂီရိ မုန်တိုင်း ဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျွန်းသာယာ ကျေးရွာတွင် လေဘေးသင့် ပြည်သူများကို စစ်တပ်မှ လုပ်အားပေးစေခိုင်းနေကြောင်း သတင်းရရှိသဖြင့် ကျွန်းသာယာ ကျေးရွာသား တစ်ဦးအား တယ်လီဖုံးဖြင့် ဆက်သွယ် မေးမြန်းရာ သူက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့သည်။

မေး။ ။ ကျွန်းသာယာမှာ ရွာသားတွေကို စစ်တပ်က ချောဆွဲနေတယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလား။

ရွာသား။ ။ ဟုတ်ပါတယ်။ တစ်နေ့ကို ဆယ်ဦးကျ အသင့် ရေဒီအနေအထားနဲ့ ချောဆွဲထားပါတယ်။ လိုအပ်တာမှာ ခိုင်းဖို့အတွက် ခေါ်ထားတာပါ။

မေး။ ။ ဘယ်သူက ခေါ်ထားတာပါလဲ။

ရွာသား။ ။ အခု ဒီမှာ ဗျူဟာမှူး ရောက်နေတယ်။ အဲဒီအတွက် ခေါ်ထားတာ ဖြစ်ပါတယ်။

မေး။ ။ အခု ရေတွင်း ရေကန်တွေကို ပြန်လည် ဆည်ဖို့တဲ့ နေရာမှာလည်း ကျေးရွာသားတွေကို လုပ်အားပေး စေခိုင်းနေတယ်လို့ ကြားရပါတယ်။ အခြေအနေကို နည်းနည်း ရှင်းပြပေးပါလား။

ရွာသား။ ။ သူတို့က ကျွန်တော်တို့ရွာမှာ အဖွဲ့ပေါင်း ၂၆ ဖွဲ့ ဖွဲ့စည်းပေးထားပါတယ်။ အဲဒီအထဲက ဆယ်ယောက် တဖွဲ့နုန်းနဲ့ တစ်နေ့ကို လူ ၅၀ စီ လုပ်အားပေးနေရပါတယ်။ အဓိက ရေကန်တွေကို တည်ဆောက်တဲ့ အခါ ကျောက်သယ်ပေးရမယ်။ မြေတွေ သယ်ပေးရပါတယ်။ ခုလို စေခိုင်းနေတာ ဖြစ်ပါတယ်။

မေး။ ။ ရွာသားတွေကို ရဟတ်ယဉ်ကွင်းနဲ့ လမ်းတဲ့ လုပ်တဲ့ အခါမှာလည်း စစ်တပ်က လုပ်အားပေး စေခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒါက မှန်ပါသလား။

ရွာသား။ ။ မှန်ပါတယ်။ ၀န်ကြီးချုပ် လာမယ်ဆိုပီး ရဟတ်ယာဉ်ကွင်း သုံးကွင်းတည်ဆောက်တဲ့ အခါ စစ်တပ်က ရွာသားတွေကို ခေါ်ယူပြီး လုပ်အား ပေးစေခိုင်းခဲ့ပါတယ်။ ပီးရင် လမ်းတွေကို လုပ်ပေးရပါတယ်။ အမြောက်တပ်မှာ ရှိတဲ့ ပြိုပျက်သွားတဲ့ စခန်းတွေကို ပြန် လုပ်ပေးရပါတယ်။ အဲဒီမှာ ၁၀ ရက်ခန့် လုပ်အားပေး လုပ်ခဲ့ရပါတယ်။

မေး။ ။ လုပ်အားခ အတွက် ပိုက်ဆံတွေ ပေးတာ ရှိပါသလား။

ရွာသား။ ။ လုံးဝ မရှိပါ။

မေး။ ။ အခုလို လုပ်အားပေး လိုက်နေရတဲ့ အတွက် ရွာသားတွေ အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကိုင်လို့ မရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ နေစရာ အိမ်က တော်တော့ကို အခက်အခဲ ရှိပါတယ်။ အိမ်ခြေ ၅၀၀ ရှိတဲ့ နေရာမှ အိမ် လေးငါးလုံးဘဲ ကျန်နေခဲ့ပါတယ်။ အားလုံးက ပြိုပျက်သွားခဲ့တယ်။ ကိုယ်အိမ်ကို တဲကလေးထိုးပီး မိုးမလုံ တလုံ လေလည်း မလုံဘဲ အဲသလိုနေ နေရတယ်။ တဖက်လည်း ခုနက ပြောသလို သူတို့ ခေါ်တဲ့ အချိန်မှာ သွားနေကြရတယ်။

မေး။ ။ လူတွေက တော်တော် အခက်အခဲ ရှိနေတဲ့ သဘောမျိုးလား ခင်ဗျား။

ရွာသား။ ။ ဟုတ်ကဲ့ အခုအချိန်မှာ စားရေး သောက်ရေးက တော်တော့ကို အခက်အခဲဖြစ်နေပါတယ်။ အစိုးရဘက်ကလည်း ဘာမှ ပေးတာ မရှိဘဲ ဖြစ်နေတယ်။ ပုဂ္ဂလိဘက်ကလည်း ဒီမှာ စစ်တပ် ရှိနေတော့ ဘယ်သူမှ မလာရဲဘဲ ဖြစ်နေပါတယ်။ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့တစ်ဖွဲ့လည်း ရောက်ပါတယ်။ သူတို့ ပေးတာက နည်းနည်း လူက အများဆိုတော့ ဆင်ပါးစပ်ကို နှမ်းပက်သလို ဖြစ်နေပါတယ်။

မေး။ ။ လူတွေရဲ့ နောက်ဆုံး စားဝတ်နေရေး အခြေအနေက ဘယ်လို ရှိပါသလဲ။ နည်းနည်း ရှင်း ပြပေးပါ။

ရွာသား။ ။ စားဝတ်နေရေး အခက်အခဲက စားစရာ ဆန်အခက်အခဲ ရှိပါတယ်။ နေရာတာကတော့ ဘယ်လို ဆိုရမလဲဆိုတော့ ကွမ်းသီးပင်တွေကို တိုင်ထူပြီး ဖျာလေးတွေကို မိုးပီး တဲထိုး နေကြ ရပါတယ်။ သူတို့ဘက်ကကုလသမဂ္ဂဘက်ကပေးတဲ့ ကံစမ်း မဲနိုက်ပြီး ရတဲ့ အိမ်ထောင်စုတိုင်း မရတဲ့ ပလစတစ်ကလည်း ငါးတောင်လောက်ဘဲ ရှိတဲ့ အတွက် ဘယ်လိုမှ ကာရံလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်။

မေး။ ။ စားဝတ်နေရေး အခက်အခဲရှိတော့ လက်ရှိ အခြေအနေကို ဘယ်လို ဖြေရှင်း နေကြပါသလဲ။

ရွာသား။ ။ ဆန်ရိက္ခာနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းနေသလဲ ဆိုရင် နည်းနည်းပါးပါးရှိတဲ့ သူတွေဆီက ဝေဌစားနေရတယ်။ တချို့က ဆန်ပြုတ်သောက်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

မေး။ ။. အခု အကူအညီတွေက ဘယ်ကနေ လာပေးနေတာတွေ ရှိပါသလဲ။

ရွာသား။ ။ အခုလက်ရှိ ဘယ်ကမှ အကူအညီ မရဘဲ ဖြစ်နေပါတယ်။ အခု ကျွန်တော် ဖုံးပြောနေတဲ့ အချိန်မှာ ဒေ၀ူးက ကူညီပေးဖို့ လာတယ်လို့ ပြောတယ်။ စုံစမ်းဖို့တော့ မရဘဲ ဖြစ်နေပါတယ်။ ဒီမှာက အလုပ်အကိုင်က လုံးဝ လုပ်လို့ မရ ဖြစ်နေတယ်။ ဘုတ်တွေက အကုန်လုံး ပျက်စီး သွားခဲ့တယ်။ ဘယ်ကမှလည်း အကူအညီ မရဘဲ ဖြစ်နေတယ်။ စီးပွားရေး လုပ်ငန်းနဲ့ ဘာမှ လုပ်လို့ မရဘဲ ဖြစ်နေပါတယ်။

မေး။ ။ နိုင်ငံတော် အစိုးရဘက်က ဘာမှ အကူအညီ မရဘူးလာား။

ရွာသား။ ။ နိုင်ငံတော် အစိုးရဘက်က မုန်တိုင်း တိုက်ပီး ၂ ရက်လောက်နေတော့ တအိမ်ထောင် ဆန် ၁၀ ဗူးစီလောက် သုံးရက်ခြား နှစ်ခေါက်ရပြီးတော့ ခုထက်ထိ နောက်ထပ် ဘာမှ မရသေးပါးဘူး။

( ကျွန်းသာယာ ကျေးရွာသားနှင့် တင်တာဗျူးကို အသံဖိုင်ဖြင့် အများသူငါ ပိုမို သိရှိနိုင်အောင် နိရဉ္စရာ ၀က်ဆိုက်မှ တင်ပြပေးရန် စီစဉ်နေပါသည်။)

နိရဉ္စရာ

No comments: