အောလို
အပစ်ရပ် ကယန်းပြည်သစ် ထိန်းချုပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း၌ တပ်စွဲထားသော မြန်မာစစ်အစိုးရတပ် တပ်စခန်းတခုကို ပြီးခဲ့သည့် ၆ ရက်နေ့က မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှ မသိရဘဲ ၀င်ရောက်တိုက်ခိုက်ခဲ့၍ စစ်အစိုးရတပ်ဘက်က အကျအဆုံး ရှိခဲ့ကြောင်း သိရသည်။
၎င်းလက်နက်ကိုင် တပ်ဖွဲ့သည် ဖယ်ခုံမြို့နယ်ရှိ စစ်အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၃၆ တပ်စခန်းကို ၀င်ရောက်ပစ်ခတ်မှုကြောင့် စစ်အစိုးရတပ်ဘက်က ကျဆုံးမှု ရှိခဲ့သော်လည်း မည်မျှ ရှိသည်နှင့် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှ ဖြစ်သည်ကိုလည်း မသိရှိရကြောင်း ကယန်းအမျိုးသားလူငယ်အစည်းအရုံး (ကေအဲန်ဝိုင်ဂျီ)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်းရော်ဘင်ဆန်က ပြောသည်။
“၃၃၆ တပ်ရင်းနဲ့ပေါ့နော့် ဒီအခြားလာပစ်တဲ့ လာတိုက်တဲ့ အဖွဲ့က အတိအကျ မပြောနိုင်သေးဘူးဗျ။ တချို့က ကယန်းပြည်သစ်လို့ ထင်တဲ့ လူတွေလည်း ရှိတယ်။ တချို့က ပအိုဝ်းပေါ့ ရလလဖအဖွဲ့ ခွန်းသူရီတို့ အုပ်စုကလေ အဲဖွဲ့ကလည်း ထင်ကြတယ်။ တချို့က ကရင်နီလို့ ထင်ကြတယ်ဗျ” ဟု ၎င်းက ပြောသည်။
လက်နက်ကိုင် တပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ၎င်းစစ်အစိုးရတပ်မှ စစ်ကူ ခေါ်ရာ ကားဖြင့် လာသော စစ်အစိုးရတပ် စစ်ကူ ၃၂ ဦးတို့သည် ကလောမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြား နောင်ဝိုးတောင် အရောက်၌ ကားမှောက်၍ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကယန်းဒေသများတွင် ဖောက်ခွဲရေးသမားများ ၀င်ရောက်နေသည်ဟု အကြောင်းပြချက်ဖြင့် စစ်အစိုးရတပ်က ပြီးခဲ့သည့် လလယ်ပိုင်းမှ စ၍ ၎င်းဒေသများ၌ စစ်ကြောင်း ၄ ကြောင်း တိုးချဲ့ပြီး လှုပ်ရှားလျက်ရှိသည်။
စစ်အစိုးရတပ် တပ်အင်အား တိုးချဲ့လှုပ်ရှားခြင်းနှင့် ပတ်သက်ပြီး ခွန်းရော်ဘင်ဆန်က “နအဖတပ်ဖက်က အကြောင်းပြချက်ကတော့ နေပြည်တော်မှာ ဗုံးဖောက်ခွဲဖို့ပေါ့နော့်။ လူ ၅ ယောက် ရောက်လာတယ်လို့ ပြောတယ်။ ကယန်းဒေသမှာပေါ့နော့်။ အဲဒီကယန်းဒေသကို ရောက်လာပြီးမှာ အဲဒီနားကိုပဲ မှီခိုနေသေးတယ်လို့ ပြောတယ်” ဟု ဆက်ပြောသည်။
ကယန်းပြည်သစ်သည် စစ်အစိုးရမှ ဖိအားပေးနေသော နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့် အဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့သည် ပြည်တွင်း၌ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိသည်။
အဖွဲ့ဝင်အင်အား ၁၄၉၆ ဦးခန့် ရှိသော ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)သည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
No comments:
Post a Comment