Sunday, November 7, 2010

ကြံ့ဖွတ်ပါတီကို မဲမပေးက လေးဘေး အကူအညီရပ်ဆိုင်းမည်ဟု လေဘေးဒုက္ခသည်များကို

မောင်အေး

ပေါက်တောမြို့ အင်ဂရားချိုင်ကျွန်းမှ လေဘေးဒုက္ခသည်များကို ပေါက်တော မယက ဥက္ကဌ ဦးခင်မောင်လွင်မှ ကြိုတင်မဲများ ကောက်ယူနေရာတွင် ကြံ့ဖွတ်ပါတီကို မဲမထည့်ပါက လေဘေး အကူအညီများကို ရပ်ဆိုင်း ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

“ ဦးခင်မောင်လွင် ခေါင်းဆောင်တဲ့ အဖွဲ့ ကျွန်တော်တို့ ရွာကို လာပြီးပြောတယ်။ ဒီနေ့ဘဲ မင်းတို့ ကြံ့ဖွတ် ပါတီကို ကြိုတင် မဲပေးရမယ်။ ကြံ့ဖွတ်ကို မဲမပေးဘဲ တခြားပါတီ တစ်ခုကို မင်းတို့ မဲပေးရင် အခုမင်းတို့ကိုပေးနေတဲ့ အကူအညီးတွေကို အားလုံးဖြတ်ပစ်မယ် ဆိုပီး ပြောပါတယ်” ဟု ကျောက်စု ကျေးရွာသား တဦးက ပြောသည်။

သို့အတွက် ရေဘေး ဒုက္ခသည်များမှာ ကြံ့ဖွတ်ပါတီကို မဲထည့်ခဲ့ရသည်ဟု သိရသည်။

၎င်းအပြင် ကြံ့ဖွတ် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးမောင်ထွန်းမြလည်း ပေါက်တောမြို့နယ် မြောက်ပိုင်း ကျေးရွာများတွင် သူ့ကို မဲထည့်ရန် အရပ်သားများကို ခြိမ်းခြောက်နေကြောင်း သိရသည်။

“ဦးမောင်ထွန်းမြပြောတာက မင်းတို့ ငါတို့ ကြံ့ဖွတ် ပါတီကို မဲပေးရမယ်။ မဲမပေးရင် ဒီပွဲပြီးတာနဲ့ မင်းတို့နဲ့ ငါတို့တွေ့ မယ် ဆိုပီး အဲသလိုမျိုး ခြိမ်းခြောက်နေပါတယ်” ဟု တခြား ဒေသခံတဦးက ပြောသည်။

ကျေးရွာသားများမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို မဲထည့်မည်ဟု သတင်းကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် ယခုကဲ့သို့ ကြံ့ဖွတ် အမတ်လောင်း အပါအ၀င် အာဏာပိုင်များက ဒေသခံများက ခြိမ်းခြောက်ကာ မဲအနိုင် ရရှိရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

အဆိုပါဒေသတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ သွားရောက် မဲဆွယ်စဉ်က လက်ခံ ကြိုဆိုကျေးမွေး သူများကို ပေါက်တော SP မှ ပေါက်တောမြို့ပေါ်သို့ ခေါ်ယူစစ်ဆေးကာ ပြည်သူများ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို မဲမထည့်ရန် ခြိမ်းခြောက်မူများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

No comments: