Tuesday, November 2, 2010

ကယန်းပြည်သစ်၊ ကလလတ၊ ကရင်နီနှင့် စစ်တပ်တို့ အခွန် ၀ိုင်းကောက်၍ ပြည်သူများ မခံနိုင်

ဒေလီထက်

ကရင်နီပြည် လွိုင်ကော်မြို့နှင့် ကရင်ပြည် သံတောင်မြို့နယ်သို့ သွားသော ကားလမ်းနားရှိ ရာဒိုကျေးရွာတွင် ဖာလာ အကောက်ခွန်များ များပြားနေပြီး ထိုက်သင့်သလောက် မရရှိ၍ မကျေနပ်ခြင်းများ ဖြစ်ပေါ်သည်ဟု ဒေသခံများက ပြောသည်။

ရာဒို ဒေသခံတဦးက “အခွန်ကို ပိဿာချိန်နဲ့ ကောက်တယ်။ ကောက်တဲ့ သူလည်း များတော့ များများရောင်းလေ များများပေးရတာမို့ ထိုက်သင့်သလောက် မခံစားရတာကို မကျေနပ်ကြတာပါ” ဟု ပြောသည်။

တပိဿလျင် ၁၂၀၀၀ ကျပ် ရောင်းရာသော ဖာလာဈေးကို ကယန်းပြည်သစ် အဖွဲ့မှ တစ်ပိဿာ ၃၀၀ ကျပ်၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ တစ်ပိဿာ ၅၀၀ ကျပ်၊ ကရင်နီတပ်မတော်မှ တပိဿာလျင် ၁၀၀၀ ကျပ်နှင့် မြန်မာစစ်အစိုးရ ဂိတ်မှလည်း ပမာဏကြည့်ပြီး ထပ်မံကောက်ခံနေကြောင်း ဒေသခံများက ပြောပါသည်။

“ဖာလာကို မရောင်းဘဲ အလှထိုင်ကြည့်ရမယ့် အခြေနေရောက်နေတယ်။ ငါတို့ကို အနိုင်ကျင့်တဲ့ သူတွေပဲ ရှိတယ်။ ဒီအနိုင်ကျင့်တဲ့ သူတွေကပဲ ငါတို့ ပြည်သူတွေအတွက် လုပ်နေပါတယ်တဲ့။ ဘယ်လိုဖြစ်နိုင်မလဲ” ဟု ရာဒိုဘက်မှ ဒေသခံတဦးက ပြောသည်။

ဖာလာစိုက်ဒေသခံများက တောင်ငူမြို့အ၀င် ခလရ ၃၉ အနီးရှိ ဇရပ်ကြီးလမ်းဆုံ၊ သံတောင်လမ်းဆုံ၊ ဘောဂလိလမ်းဆုံရှိ လေးမိုင်ဘုရားခြေရင်တွင် မြန်မာစစ်အစိုးရနှင့် နီးစပ်သူများ၊ ကုန်သည်ပွဲစားကြီးများမှ အ၀ယ်ဒိုင်ဖွင့်ပြီး ၀ယ်ယူနေကြသလို စစ်တပ်မှလဲ အကောက်ခွန်များ ကောက်ခံနေသည်။

“ဖာလာကို တောင်ငူမြို့ထဲ သွင်းလို့ မရတော့ဘူး။ အဲဒီမှာ ချုပ်ပြီးတော့မှ အကုန်လုံး ဖမ်းဝယ်ပါတယ်။ မြို့ထဲကို သွင်းလို့ရှိရင် ဒဏ်ရိုက်တယ်၊ သိမ်းတယ်” ဟု တောင်ငူဒေသခံတဦးက ပြောသည်။

၎င်းဒေသဘက်တွင် ဖာလာကိုသာ အဓိကထား စိုက်ပျိုးကြခြင်း ဖြစ်၍ အကောက်ခွန်များကို ပေးနေရသည်ဟုလည်း ပြောကြားသွားပါသည်။ ဖာလာကို တောင်ပေါ် အပူပိုင်းဒေသတွင်သာ စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ခူးဆွတ်ကြရပါသည်။

No comments: