Thursday, November 11, 2010

သူတို့ ရွေးကောက်ပွဲနှင့် မဆိုင်သလိုလို

နှောင်းလှိုင်

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းတွင် ရှိသည့် ကရင်နီဒုက္ခသည် အမှတ် ၁ နှင့် ၂ စခန်းမှ ဒုက္ခသည်များသည် မြန်မာပြည်မှ စစ်ပြေးဒုက္ခသည်များ ဖြစ်ကြပြီး များသောအားဖြင့် တိုင်းရင်းသား လူမျိုးများ ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၇ ရက်နေ့သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနေ့ ဆိုသည်ကို သိသူ အနည်းအကျဉ်းသာ ရှိကြပြီး အများစုတို့မှာ စိတ်ဝင်စားမှု မရှိကြပေ။

ဒုက္ခသည် စခန်းထဲ၌ အင်တာနက်၊ ဖုန်းလိုင်းနှင့် ရုပ်မြင်သံကြားတို့ မရှိသည့်အတွက် မြန်မာနိုင်ငံက သတင်း အချက်အလက်များကို ရေဒီယိုတို့မှတဆင့် ရရှိကြသည်။ ရေဒီယို နားထောင်သူတို့မှာ နိုင်ငံရေး စိတ်စားကြသူ လူနည်းစုသာ ရှိသည်။

“ဒီရက် ရွေးကောက်ပွဲ ဆိုတာ မသိဘူး။ ရေဒီယို နားမထောင်ဘူး။ နည်းနည်းပဲ နားထောင်တယ်” ဟု ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ အသက် ၄၀ အရွယ် အမျိုးသမီး တဦးက ပြောပါသည်။

အချို့ရေဒီယို နားထောင်ပြီး ပြည်ပလောကနှင့် အဆက်အသွယ် ရသော သူများသည် မြန်မာပြည် ရွေးကောက်ပွဲ ပြုလုပ်သည်ကို သိသော်လည်း စိတ်ဝင်စားမှု မရှိကြပါ။

“စိတ်ဝင်စားတာထက် ကျနော့်အတွက်တော့ မထူးဆန်းဘူးလို့ ထင်တယ် ။ ဘာဖြစ်လဲဆိုတော့ ရွေးကောက်ပွဲ ဖြစ်အောင် စစ်အစိုးရကပဲ ဖန်တီးပေးတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲက ဒီအဖွဲ့ပဲ နိုင်မယ်ဆိုတာလည်း သိသိသာသာ အဖြေ ပေါ်နေပြီပဲလေ။ မထူးဆန်းပါဘူး” ဟု အမှတ် ၁ စခန်းမှ ဆီးဆီက ပြောပါသည်။

ထိုနည်းအတူ ကရင်နီဒုက္ခသည် အမှတ် ၂ စခန်းမှ ၁၀ နှစ်ကျော်ကြာ နေထိုင်လာသော အသက် ၇၀ အရွယ် အမျိုးသား တဦးက မြန်မာပြည် ရွေးကောက်ပွဲ ပြုလုပ်သော်လည်း တခါမှ လွတ်လပ်ရေး မရသည့်အတွက် မျှော်လင့်ချက် မရှိတော့ကြောင်း ပြောပါသည်။

“ဒီဗမာတွေရဲ့ ရွေးကောက်ပွဲက လာပြန်ပြီလား။ ရွေးကောက်ပွဲတော့ လုပ်နေတာပဲ။ တခါမှ ငါတို့ တိုင်းပြည် မရဘူး။ ခုဟာလည်း ဘာမှ ထူးမှာ မဟုတ်ဘူး” ဟု ပြောပါသည်။

များသောအားဖြင့် ဒုက္ခသည် စခန်းထဲရှိ ပြည်သူများသည် မြန်မာပြည်၏ ရွေးကောက်ပွဲကို ကိုယ်နှင့် မဆိုင်သလို နေကြပြီး သူတို့သည် စစ်အစိုးရ၏ ပေါ်တာ ခေါ်ယူခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း ဒဏ်အမျိုးမျိုးကို ခံရသည့်အတွက် ထိုင်း-မြန်မာနယ်စပ်သို့ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသူများ ဖြစ်သည်။

ထိုဒုက္ခသည်များသည် ကိုယ့်နေရပ် ဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်နေဖို့ရန် မျှော်လင့်ချက် အလှမ်းဝေးနေသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ နေရပ်တွင် အေးချမ်းစွာ မနေရဘဲ စစ်အစိုးရ၏ ခိုင်းစေမှု၊ ဖိနှိပ်မှု၊ တတော်မတရား အနိုင်ကျင့်မှုတွေကို မခံနိုင်သည့်အတွက်ကြောင့် ဖြစ်သည်။

သို့သော် မြန်မာပြည်မှ ရွေးကောက်ပွဲသည် ဒုက္ခသည်များအတွက် သက်ရောက်မှု တစုံတရာ မရှိနိုင်ဘူးဟု ပြော၍ မရပါ။ မြန်မာပြည်တွင် စစ်အစိုးရ ခေါ်ယူကျင်းပသည့် ရွေးကောက်ပွဲ မစတင်ကတည်းက ထိုင်းနိုင်ငံဘက်မှ စီးပွားရေး ရင်းနီးမြှုပ်နှံမှုများ ယခင်ကထက် တိုးမြင့်ထားသလို ရွေးကောက်ပွဲ ပြီးပါက နယ်စပ်ရောက် ဒုက္ခသည်များ ပြန်လှည်နေရာချထားရေး အစီအစဉ်များလည်း ရှိနေသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

စခန်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များသည် မိမိဌာနေတွင် စစ်အစိုးရတပ်တို့၏ ညင်းပန်းနိပ်စက်မှုများကြောင့် ဘ၀လုံခြုံမှု မရှိသည့်အတွက် နေရပ်သို့ ပြန်ရမှာကို ကြောက်လန့်နေကြသည်။

ဒုက္ခသည် စခန်းတွင် နှစ်နဲ့ချီ အချိန် ကြာမြင့်စွာ နေထိုင်လာသော သူများသည် မိမိရှေ့ရေးအတွက် သား၊သမီး ပညာရေးအတွက်နှင့် ဘ၀ လုံခြုံရေးအတွက် တတိယနိုင်ငံသို့ အခြေချနေထိုင်ရန်သာ စဉ်းစားနေကြသည်။

“ခုဟာက တတိယနိုင်ငံကိုပဲ တော်တော် စိတ်ဝင်စားကြတယ်” ဟု ဆီးဆီက ပြောပါသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အမှတ် ၁ စခန်းမှ ကရင်နီဒုက္ခသည် လူဦးရေ ၁၂ ၉၇၆ ဦးခန့် ရှိပြီး အမှတ် ၂ စခန်းတွင် လူဦးရေ ၂ ၂၈၀ ဦးခန့် ရှိသည်ဟု TBBC ၏ စက်တင်ဘာလ ၂၀၁၀ စာမျက်နှာတွင် ရေးသားထားသည်။

No comments: