Thursday, November 11, 2010

NDF မြို့နယ်ကော်မီတီဝင် မယား စစ်တပ်က ရိုက်နှက်၊ ဆေးရုံတင်ရ

ခိုနုမ်းထုန်သတင်း၊

ပြီးခဲ့သည့် တနင်္ဂနွေနေ့ညနေမှောင်စပျိုးချိန်တွင် ချင်းပြည်နယ်၊ မတူပီမြို့ပေါ်အခြေစိုက် ခလရ ၃၀၄ စစ်တပ်ရိုက်နှက်မှုကြောင့် မတူပီမြို့နယ် NDF ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ဦးထန်လွေး၏ မယား ဆေးရုံတင်လိုက်ရသည်ဟု သိရ သည်။
ညနေ မှောင်စပျိုးသည့် အချိန်တွင် တောင်ယာမှပြန်လာသော အဆိုပါ မိန်းမအားခလရ ၃၀၄ ဂိတ်နားအဖြတ်တွင် စစ်သား ၄ ဦးခန့်က မုဒိမ်းကျင့်ဖို့ကြိုးစားခဲ့ရာ မအောင်မြင်သဖြင့် ကျောက်ခဲဖြင့် ဦးခေါင်းကိုထုလိုက်ကြဖြစ်ကြောင်း ကြားသိရသည်။

” ဦးခေါင်းသွေးတွေထွက်မှ စစ်သားတွေက ဂိတ်ထဲကို ချက်ချင်းပြန်ဝင်သွားကြတယ် ” လို့ ဒေသခံတဦးက ပြောသည်။

အသက် ၃၀ အရွယ်ရှိ ဦးထန်လွေးမယားကို ပြည်သူ့ဆေးရုံသို့ ချက်ချင်းတင်ကြပြီး ဦးခေါင်းဒါဏ်ရာ ၅ ချက်ချုပ် လိုက်ကြ ရသည်ဟု သိရသည်။

အဆိုပါ မိန်းမသည် ယခု အချိန်တွင် မတူပီမြို့ ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေဆဲဖြစ်ပြီး ပါတ်တီးဖြည်ပြီးမှသာ ဆေးရုံက ဆင်းမည်ဖြစ်ကြောင်း၊ ဒါဏ်ရာကို မြို့နယ် ဆရာဝန်ကြီးကိုယ်တိုင် ခွဲစိတ်ကုသပေးကြောင်း ဆေးရုံဝန်ထမ်းများမှတဆင့် ကြားသိရသည်။

စစ်သားတွေက ကာယကံရှင်ထံ ကြေးအေးမှုပြုလုပ်သော်လည်း တစုံတရာတုံ့ပြန်မှုမရှိကြောင်း သိရသည်။ သို့သော် တရားရုံးတွင် တိုင်ချက်ဖွင့်ဖွယ်ရှိကြောင်း ဒေသခံတချို့က ပြောဆိုကြသည်။

ခလရ ၃၀၄ တပ်စခန်းသည် မတူပီမြို့၊ အထက်တန်းကျောင်းနားတွင်ရှိပြီး ဂိတ်ရှေ့တွင် ဖြတ်သွားဖြတ်လာလုပ်သော မိန်းကလေးငယ်များကို မတော်မတရား နောက်ပြောင်ကျီစယ်လေ့ရှိကြောင်းလည်း သိရသည်။

No comments: