မွေခေါဝ်
နိုင်ဘာ ၁၁ ရက် ၀မ့်ဆော့၌ ဖြစ်ပွါးခဲ့သော နအဖနှင့် SSA မြောက်ပိုင်းတပ်တို့အကြား တိုက်ပွဲသည် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမဟုတ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS) ဥက္ကဋ္ဌ / သျှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ခေါင်းဆောင် စ၀်ယွတ်စစ် က ထောက်ပြသည်။
“၀မ့်ဆော့တိုက်ပွဲဟာ ထိုးစစ်ဆင်တဲ့တိုက်ပွဲ မဟုတ်ဘူး။ ထိုးစစ်ဆိုရင် ၀မ့်ဆော့တစ်နေရာထဲမကဘူး နေရာတိုင်းမှာ ဖြစ်ပွါးလိမ့်မယ်။ ဒါဟာနအဖရဲ့ စစ်ရေးလှည့်ကွက်တစ်ခုလို့ ပြောနိုင်တယ်။ ရှေ့ဆက် လျှောက်ရမဲ့လမ်းပျောက်သွား အောင်လုပ်လိုက်တာဘဲ” ဟု စ၀်ယွတ်စစ်ကပြောပါသည်။
နအဖလှည့်ကွက်သည် စပါးကြီးမြွေက သားကောင်ကိုတဖြည်းဖြည်းရစ်ပတ်ပြီး နောက်ဆုံး၌ဖျစ်ညှစ်မျိုချခြင်းနှင့်တူ၏။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖို့ နအဖလှည့်ကွက်မှလွတ်မြောက်အောင်မကြိုးစားဘဲ လက် ပိုက်ကြည့်နေပါက စပါးကြီးမြွေခံတွင်းထဲရောက်ဖို့သာရှိတော့သည်ဟု ၎င်းကဆက်လက်သတိပေးပြောကြားသည်။
တိုက်ပွဲဖြစ်ပွါးခဲ့သော ၀မ့်ဆော့၌ လက်ရှိအခြေအနေ ငြိမ်သက်နေကြောင်း၊ နအဖစစ်သားများ နေ့ပိုင်း၌အိပ်ပြီး ညပိုင်း၌စစ်ကြောင်းလှည့်မွှေနှောက်ကြကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့ သောကြာနေ့က မိုင်းနောင် စကခ ၂ လက်အောက်ခံ တပ်ရင်း ၃-၄ ရင်း ၀မ့်ဟိုင်းဘက်တက်လာကြတယ်။ ကျေးသီးဘက်ကလဲ အင်အား ၄၀-၅၀ လောက်ရှိတဲ့ ကားတစ်စီးနဲ့ နမ့်ပုတ်ဆိုတဲ့ နအဖစခန်းကို ရောက်လာကြတယ်။ ဒါပေမဲ့ အခြေအနေတော့ ငြိမ်နေတုန်းဘဲ။ ၀မ့်ဟိုင်းမှာ အိမ်ခြေ ၈၀၀ ကျော်ရှိဖူးတာ အခု ၂၀ % လောက်ဘဲ ကျန်တော့တယ်။ တခြားကိုပြောင်းရွှေ့ကုန်ပြီ” ဟု အမည်မဖော်လိုသူဒေသခံအကြီးအကဲတစ်ဦးက ပြောပါသည်။
နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီမှ ည ၇ နာရီကျော်အထိ ကျေးသီး-မိုင်းနောင်-မိုင်းရှုးလမ်းခွဲတောင်ဘက် ၀မ်ဆော့ရွာ အနောက်ဘက် ၃ မိုင်အကွာ ဗိုလ်ချုပ်ပန်ဖှ ခေါင်းဆောင်သည့် သျှမ်းပြည်တပ်မတော် (၀မ့်ဟိုင်းဌါနချုပ်လက်အောက် ခံ) တပ်ရင်းအမှတ် ၂၄ နှင့် မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment