Saturday, November 6, 2010

တပါတ်အတွင်း နအဖနှင့် SSA ၃ ကြိမ်ထက်မနဲတိုက်ပွဲဖြစ်- သျှမ်းပြည်သို့ နအဖစစ်အင်အားတိုးချဲ့ဖြည့်ဆည်း

သျှမ်းသံတော်ဆင့်


ယခုတပါတ်အတွင်း သျှမ်းပြည်တပ်မတော်နှင့်စစ်အစိုးရတပ်တို့ တိုက်ပွဲ ၃ ကြိမ် ထက်မနည်းဖြစ်ပွါးခဲ့ပြီး သျှမ်းပြည် မြောက်ပိုင်း သို့နအဖတပ်အင်အားများဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရ၏။

အောက်တိုဘာလကုန် ၃၁ ရက် မိုင်းကိုင်မြို့နယ် မိုင်းယွန်းအုပ်စုတောင်ဘက် ၃ မိုင်အကွာ၌ သျှမ်း ပြည်တပ်မတော်နှင့် နအဖစစ်တပ် ခမရ ၅၁၀ တို့ တိုက်ပွဲဖြစ်ပွဲခဲ့သေး၏။ နအဖစစ်တပ်မှ စစ်ဗိုလ်တဦး၊ တပ်ကြပ်ကြီး တဦး၊ တပ်ကြပ် ၃ ဦးနှင့် ရဲဘော်တဦး စုစုပေါင်း ၆ ယောက်သေကာ ဒဏ်ရာရသူလည်း များပြားကြောင်း မိုင်းကိုင်ဒေသခံပြောပြသည်။

ယခုလ ၂ ရက် မိုးနဲမြို့ မိုက်ဟိုင်းအုပ်စု နောင်ခမ်းရွာအနီး စစ်ကြောင်းလှည့်သော ခမရ ၅၁၈ နှင့် သျှမ်းပြည်တပ်မတော် အကြားတိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု နယ်စပ်ရောက် မိုးနဲမှကုန်သည်တဦးကပြောသည်။

“ ညနေ ၅ နာရီ ၁၅ မိနစ်ကနေ ၆ နာရီအထိတိုက်ကြတယ်။ ဗမာစစ်သား ၁ ယောက်သေ ၂ ယောက် ဒဏ်ရာရတယ်။ သေတာက ရဲဘော်ရာဇာလင်း တဲ့ ၊ ဒဏ်ရာရတာက ရဲဘော်ဇော်မင်းဦးနဲ့ မင်းမဟာ တဲ့။ ဒဏ်ရာပြင်းတော့ မိုးနဲဆေးရုံကို ပို့ရတယ်။ သျှမ်းဘက်လဲ ဒဏ်ရာရတာတွေရှိခဲ့တယ် လို့ကြားရတယ်” ဟု ဆို၏။

၁ ရက်နေ့ကလည်း မိုင်းကိုင်မြို့နယ် မိုင်းယွန်းရွာနှင့် နောင်ဝိုးရွာအနီး ခလရ ၂၉၂ အား သျှမ်းပြည်တပ်မတော်က ချုံခိုတိုက် ခိုက်ရာ နာရီဝက်ခန့် ပစ်ခတ်ခဲ့ကြပြီး နအဖတပ်သား တဦးဒဏ်ရာရသည်ဟုလည်း မိုင်းကိုင်ဒေသခံ တဦးကပြောသည်။

ယခုလ ၃ ရက် တရုပ်စစ်ကား ( ၆ ဘီးကား) ၁၂ စီး ရိက္ခာအပြည့်၊ စစ်သားအပြည့် တင်ဆောင်သည့် တပ်မ ၉၉ က မန္တလေး ဖက်မှ သျှမ်းပြည်မြောက်ပိုင်း လားရှိုးဘက် တက်သွားသည်ဟု လားရှိုးမှလာ သော သတင်းများ အရသိရသည်။ ထိုနေ့က နောင်ချိုမှ လားရှိုး- မူဆယ်အထိ လမ်းတလျှောက်၌လုံခြုံရေးထူထပ်စွာချ ထားသည် ကိုတွေ့ရကြောင်း မူဆယ်-မန္တလေး ကားသမားတဦးက ပြောပြသည်။

No comments: