Friday, November 5, 2010

မူးယစ်ရာဇာ USDP ပြည်နယ်လွှတ်တော်အမတ်လောင်း ပိုက်ဆံသန်းချီစွန့်ကြဲ မဲဆွယ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်အမတ်လောင်းဝင်ပြိုင်မည့် လက်သစ်မူးယစ် ရာဇာ အမည်ရ ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့် နှင့် အဖွဲ့ လူသူလက်နက် စစ်ဝတ်စုံအပြည့်ဖြင့် စည်းရုံးရေးဆင်းပြီး တရုတ်နယ်စပ်ကျေးလက်လူထုအား ပိုက်ဆံကျပ်သန်းချီစွန့်ကြဲနေ ကြောင်း စုံစမ်းသိရှိရပါသည်။

ယခု ၃-၄ ရက်အတွင်း ရွှေလီမြစ်မြောက်ဘက် နောင်တိန်းရွာ၌ စည်းရုံးရေးဆင်းစဉ် ဦးကျော်မြင့် (Li Youngqiang) ကိုယ် တိုင်-“ကျနော်တို့မှာ စစ်အင်အား ငွေအင်အား ရှိတယ်။ လူထုလိုအပ်တာ ကျနော်တို့ လုပ်ပေးနိုင်တယ်။ ကျန်းမာရေး ပညာ ရေး ဘာမဆို လုပ်ပေးနိုင်တယ်” ဟု ပြောဆိုရာဒေသခံလူထုအချို့က “စစ်အင်အားပြ ခြိမ်းခြောက်ပြီး ပိုက်ဆံပေး မဲဝယ်တာ ဘဲ” ဟုတီးတိုးညီးတွားနေကြကြောင်း ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက် နောင်တိန်းရွာက ဘုန်းကြီးကျောင်းသို့ ကျေးလက်လူထု စုဝေးစေပြီး USDP အားမဲပေးရန် တယောက် ကျပ်ငွေ ၂၀၀၀ ပေးခဲ့ကြောင်း၊ရွာသား ၁၅ ယောက်သာ တက်ရောက်နားထောင်ကြောင်း၊ ဘုန်းကြီးကျောင်း အတွက်လည်း ကျပ်နှစ်သိန်းလှူကြောင်း၊ နိုဝင်ဘာ ၁ ရက် တွင်လည်း ဟတ်ဟင်ရွာဘက် သွားစည်းရုံး ရာ ရွာရံပုံငွေကျပ် သုံးသိန်း နှင့် တက်ရောက်နား ထောင်သူ (၃၀ ယောက်ခန့်အား) တယောက် ကျပ်၂၀၀၀ ပေးကြောင်း - အမည်မဖေါ်လိုသူ ပိုက်ဆံရဒေသခံ တဦးက ပြောပါသည်။

၂၈/၁၀/၂၀၁၀ ကလည်း ကွန်ဟိုင်းရွာအတွက် ထို့နည်းတူ ပိုက်ဆံဝေကြောင်း၊ ၂၆/၁၀/၂၀၁၀ ရက် မန့်မဲင်ရွာ၌ စည်းရုံး စဉ်တက်ရောက်သူ ၁၇ ယောက်အားကျပ် ၁ သောင်းစီ၊ ၂၀/၁၀/၂၀၁၀ ရက် မန့်ဆွမ်းရွာ၌ တက်ရောက်နားထောင်သူ ၁၀ ယောက်အား ကျပ် ၁ သောင်းစီနှင့် ရွာရံပုံငွေ ၁ သိန်းချီးမြှင့်ကြောင်း၊ နမ့်ခမ်းမြို့နယ် ရွှေလီမြစ် တဘက်ကမ်း တရုတ်နယ် စပ် သျှမ်းရွာ ၁၃ ရွာအား စည်းရုံးရေးဆင်းမဲဝယ်ခြင်းဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူ နမ့်ခမ်း ခေတ်ပညာတတ်လူငယ် တဦးက ပြောပြသည်။ နောင်တိန်း၊ ဟတ်ဟင်၊ကွန်ဟိုင်း ၃ ရွာစလုံး ဘုန်းကြီးကျောင်းဇရပ်တွင် စည်းရုံးဟောပြောပွဲလုပ် ကြောင်းလည်း သိရ၏။

နမ့်ခမ်းဒေသခံများ၏ ဘိုးစဉ်ဘောင်ဆက်ရိုးရာ ပွဲဆောင်းဆာမ် (၀ါကျွတ်ဘုန်းကြီးကျောင်း ကန်တော့ပွဲ) အား လုံခြုံရေး တာဝန်မယူပေးနိုင်ဟုဆိုကာ မယက ရုံးက ပွဲမိန့်ချမပေးသော်လည်း၊ ကျော်မြင့်တို့ အဖွဲ့မှာမူ နမ့်ခမ်း အထကကျောင်းရံပုံ ငွေအတွက် ဟု ဆိုကာ ၃၁/၁၀/၂၀၁၀ ရက်တွင် စတိတ်ရှိုးဖြင့် အောင်ဘာလေသိန်းထီရောင်းပွဲ ကြီးကြီးကျယ်ကျယ် ကျင်းပ ကြောင်း နမ့်ခမ်းမြို့သူ တဦးက ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“ဦးကျော်မြင့်က အထကကျောင်းရံပုံငွေအတွက် ကျပ် ၅ သန်းလှူတယ်လေ။ ဒါကြောင့် ကျယ်ကျယ် လောင် လောင် ဆူဆူ ညံညံ စတိတ်ရှိုး လုပ်နိုင်တာပေါ့။ ရိုးရာပွဲဆောင်းဆာမ်ကျတော့ ပေးမလုပ်ဘူး၊ သွယ်ဝိုက်နည်းနဲ့ခြိမ်းခြောက်သေးတယ်”

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ကျားဖြူပါတီကိုထောက်ခံအားပေးသည့် ရွှေလီမြစ် မြောက်ဘက်ခြမ်း သျှမ်း ရွာ ၁၃ ရွာစလုံးအား လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲရုံထားပေမည်မဟုတ်ဘဲ နမ့်ခမ်းမြို့သို့ မဲသွားပေးခိုင်းမည်ဟု ကြား နေရကြောင်း - “အဲဘက်က တရွာပျှမ်းမျှ အိမ်ထောင်စု ၁၀၀၊ မဲပေးခွင့်ရှိသူ စုစုပေါင်း အယောက် ၄၀၀၀ လောက်ရှိတယ်” ဟု ရွှေလီမြစ်ဝှမ်း သျှမ်းဒေသခံတဦးကပြောပြသည်။

ဦးကျော်မြင့်တို့ ကြံ့ဖွံ့ပါတီမဲဝယ်စည်းရုံးမှုကြောင့်ဒေသခံများအကြား အုပ်စု ၂ စု ကွဲနေပြီး “သူတို့ပေးရင်တော့ ယူမှာဘဲ။ မဲထဲ့ချိန်မှ ကိုယ်ထဲ့ ချင်တာထဲ့မှာ ပေါ့။ ဘယ်သူမြင်နိုင်မှာမို့လို့လဲ” - ဟုဆိုသူများရှိကြသကဲ့သို့ အချို့ကလည်း “ကူညီ စွန့်ကြဲသူကိုဘဲ မဲပေးမှာပေါ့” ဟု ဆိုသူများလည်းရှိကြောင်း ပြောဆိုနေကြပါသည်။

“၂ ရက်နေ့ကဘဲ ကျော်မြင့်စည်းရုံးရေးအဖွဲ့ မူဆယ်ကနေ နမ့်ခမ်းကို ကား ၄ စီးနဲ့ ချီတက်တယ်။သေနတ်တကားကားနဲ့ ပြည်သူ့စစ်ဝတ်စုံအပြည့်၊ ကြံ့ဖွတ်ပါတီ ၀တ်စုံအပြည့်နဲ့ ကားမှာလဲ V-9 စည်းရုံးရေး ပိုစတာ အကြီးကြီးနဲ့” ဟု မူဆယ်မြို့ ခံတဦးကပြောသည်။

နမ့်ခမ်းမြို့ မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်အမတ်လောင်း/ ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၏ စည်းရုံးရေးလက်ကမ်းစာစောင်ပါ၎င်း၏ ကိုယ်ရေးသမိုင်း၌ ဆယ်တန်းအောင်ဟု လိမ်ညာ ရေးသားထားကြောင်း၊ အမှန်မှာ ၄ တန်းသာဖြစ်ကြောင်း ၄င်းနှင့်သိကျွမ်းသည့်လူလတ်ပိုင်းတဦးကပင်ထောက်ပြသေးသည်။

နမ့်ခမ်းမြို့ ပန်းဆေးကျော်မြင့်ကဲ့သို့ပင် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ အမျိုးသားလွတ်တော် အဆင့် ၀င်ပြိုင်မည့် အသက် ၆၅ နှစ်အရွယ် ဦးခွန်လိုင်ဆိုလျှင်လည်း မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်မူးယစ်ရာဇာ ဗိုလ်မွန်း၏လက် ထောက်ဖြစ်ပြီး တန့်ယန်းမြို့ ပြည်ခိုင်ဖြိုး ရေးပါတီ ဥက္ကဌလည်းဖြစ်၏။ ၄င်းအား ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်အောင် သန်းထွတ် ကိုယ်တိုင်မိုင်းရှူးမှခေါင်းခေါက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီးမြို့နယ် EC စဖွဲ့ကတည်းကပင် တန့်ယန်းကြံ့ဖွတ်အတွက် ကျပ် ၂၀ သန်းလွှဲပေးခဲ့ကြောင်း စုံစမ်းသိရှိရ၏။

No comments: