ကန္တာရ၀တီတိုင်း(မ်)
ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကယန်းဒေသများတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် အဓိက ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ် ကယန်း တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးလောရင်းက ပြောသည်။
“နှစ်ရှည် စီမံကိန်းပေါ့နော်။ အဲဒါတွေကို ရေးဆွဲပြီးတော့ ရေရှည် နှစ်ရှည်ပင်တွေ ဒေသထွက် သီးနှံ စိုက်ပျိုးရေး လုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ အစားထိုးပြီး ပညာပေးလုပ်ငန်းတွေကို လုပ်သွားရင်းနဲ့တော့ ကြိုးစားသွားရမှာပေါ့နော်။ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး နောက်နောင် ထပ်မံ တိုးချဲ့မှု မရှိအောင် လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အတိုင်းအတာ တစ်ခုထိတော့ ကျနော်တို့ ပပျောက်အောင် လုပ်ဆောင်သွားမယ်” ဟု ၎င်းက ပြောသည်။
ဘိန်းစိုက်ပျိုးနေသည့် ဒေသအများစုမှာ ရှမ်းနှင့် ကရင်နီပြည်နယ်ကို ဆက်စပ်နေသော နယ်စပ်ဒေသများရှိ ကျေးရွာများကတော့၊ ဆီးဘူး၊ ခွီးတလုတ်၊ လကျီနွဲ့၊ ပီကင်း၊ လအိလသိန်နှင့် ကရင်နီပြည်တွင်းရှိ ဒေါရောခူ တခွင်နှင့် ပန်ပက်အနောက်ဖက်ခြမ်း တခွင် နေရာများတွင် ဖြစ်သည်။ ၎င်းဒေသများသည် ဝေးလံခေါင်းပါးသည့် ဒေသများလည်း ဖြစ်သည်။
ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်းများကို ဆောင်ရွက်ရာတွင် NGOs အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ကယန်းလူမှု အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မည်ဟု ဦးလောရင်းက ပြောသည်။ အစီအစဉ် အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ဦးလောရင်းက ၎င်းအနေဖြင့် ဘိန်းစိုက် နေရာများအနက် ရှမ်းပြည်နယ်အတွင်း ကျရောက်သော နယ်မြေများကိုသာ တာဝန်ယူဆောင်ရွက်နိုင်မည်ဟုလည်း ပြောသည်။
“အမျိုးသားရေးနဲ့ ပတ်သက်လာပြီဆိုတော့ ဒါဟာ အားလုံးနဲ့ သက်ဆိုင်နေပေမဲ့ လုပ်ပိုင်ခွင့် အများဆုံး ရှိတာကတော့ ဒီရှမ်းပြည်ဘက် ဘဲပေါ့နော်။ တခြားပြည်နယ်က အတွက်တော့ သူတို့အတွက် ပညာပေး၊ အကြံပေးနိုင်တာလောက်ပဲ လုပ်ပေးနိုင်တာပေါ့နော်။ သူတို့အတွက် ထိထိရောက်ရောကတော့ လုပ်ပေးနိုင်ဖို့ကတော့ နည်းနည်းတော့ အခက်အခဲ ရှိလိမ့်မယ်။”
ဘိန်းစိုက် ဒေသများသည် အအေးပိုင်းဇုံ ဖြစ်နေသောကြောင့် စပါးနှင့် အခြား ကောက်ပဲသီးနှံများ အစားထိုး စိုက်ပျိုးရန် သင့်တော်မှု မရှိသည့်အတွက် ဘိန်းစိုက်ပျိုးမှုကို ပိုမိုစိတ်ဝင်စားကြရခြင်း ဖြစ်သည်ဟု ကရင်နီသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ (Karenni Ever Green) အဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ခူးညေးရယ်က ပြောသည်။
No comments:
Post a Comment