Sunday, April 3, 2011

အယောင်ဆောင် အစိုးရကို အသိမှတ်ပြုမည်မဟုတ်ဘဲ လူထုတိုက်ပွဲများ လုပ်ဆောင်သွားမည်

ရိုးမ ၃

အရပ်ဝတ်အယောင်ဆောင် စစ်ဗိုလ်ချုပ်ကြီးများ၏ ၂၀၁၀ အစိုးရကို လက်ခံအသိမှတ်ပြုမည်မဟုတ်ဘဲ လူထုနည်းနာ လူထုတိုက်ပွဲများ ဆက်လုပ်ဆောင်သွားမည်ဟု မြန်မာ နိုင်ငံ ဒီမိုကရက်တစ် အင်အားစုက ယနေ့ သဘောထား ထုတ်ပြန်ကြေညာသည်။

အသွင်ပြောင်းစစ်ဗိုလ်ချုပ်များဖြင့် ပြန်လည်ဖွဲ့စည်းထားသည့် အစိုးရသည် မြန်မာပြည်၏ ကံကြမ္မာနှင့် ပြဿနာများကို ဖြေရှင်း နိုင်ခြင်း မရှိသလို ယုံကြည်လက်ခံနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ဒုတိယအတွင်းရေးမှူးချုပ် ဦးငွေလင်းက ပြောသည်။

“ကျနော်တို့က ဘာလို့လက်မခံရသလဲဆိုရင် အခုက ဒီအစိုးရထဲမှာ ဝန်ကြီး (၃၀) မှာ ၂၆ ယောက်က ဗိုလ်ချုပ်ကြီးတွေ၊ အငြိမ်းစားစစ်ဘက်အရာရှိကြီးတွေဘဲ၊ အဲဒါက တချက်ပေါ့၊ သမ္မတ၊ ဒုသမ္မတနဲ့ ထိပ်ဆုံးအာဏာတွေယူထားတာလဲ ဗိုလ်ချုပ်ကြီးတွေဘဲ၊ အဲလိုဗိုလ်ချုပ်ကြီးတွေယူထားတဲ့ အစိုးရအဖွဲ့က ပြည်သူလူထုအကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့ မြန်မာနိုင်ငံ၏အကြပ်အတည်းနှင့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးငွေလင်းက ဆက်ပြောသည်။

“ကျနော်တို့အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံရော၊ ၂၀၁၀ ရွေးကောက်ပွဲကိုရော လက်မခံဘူး၊ တိုက်ဖျက်သွားမှာ ဖြစ်တယ်၊ အဲဒါအတွက်လည်း ကျနော်တို့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအနေနဲ့ ပြည်သူလူထုနဲ့အတူ ပြတ်ပြတ်သားသားတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်” ဟု ဆက်လက်ပြောသည်။

ထို့အပြင် အရပ်သားအသွင်းပြောင်း စစ်အုပ်စုအနေဖြင့် ပါတီစုံဒီမိုကရေစီအရေခြုံပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည့် မြန်မာ နိုင်ငံဒီမိုကရက်တစ်အင်အားစု၏ ကြေညာချက်တွင် ဖော်ပြထားသည်။

No comments: