Monday, November 21, 2011

ပျောက်သွားသည့် ကိုရင်ဇောတိက ကလေးစစ်သား ဖြစ်နေ

မိုးမြင့်ဇင်

လွန်ခဲ့တဲ့ ၃ နှစ်က​ ​ပျောက်ဆုံး သွားတဲ့ အသက် ၁၃ နှစ်အရွယ် ကိုရင် ဇောတိက ဟာ အခု လားရှိုး မြို့ ခလရ ၄၁ မှာ ကလေး စစ်သား တပ်သား ဇော်ဇော်လင်း ဖြစ်နေပြီး​​ ​သူ့မိဘ တွေ ပြန်ခေါ်ချင် နေကြ ပါတယ်။

ကိုရင်ဇောတိကဟာ ၂၀၀၈ ခုနှစ်တုန်းက တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ၄ ၀ိုင်း ရတနာ့ဂုဏ်ရည်​ ​ကျောင်းတိုက်ကနေ သကင်္န်းဝတ်နဲ့ ပျောက်ဆုံးသွားခဲ့တာပြီး အခု စစ်တပ်ထဲ ရောက်နေတာပါ။

သားဖြစ်သူကို ပြန်ခေါ်နိုင်ဖို့ ဖခင်ဖြစ်သူ ဦးစိုးပိုင်က ILO နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့ကို ဆက်သွယ်တဲ့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ အဖွဲ့ဝင် ကိုစောဘန်ကူးက ပြောပါတယ်။

“၂၀၀၈ မှာ နာဂစ်တိုက်တော့ သူက ကျောင်းမတက်ရတော့ဘူးလေ။ သူတို့က စီးပွားရေး အဆင်မပြေတော့ အမျိုးတွေ ရှိရာ တောင်ဥက္ကလာပမှာ ကိုရင်ဝတ်ပေးထားရာကနေ အဲလို ဖြစ်သွားတာပဲ။ ကိုရင်ဝတ်ကလေးနဲ့ ပျောက်သွားတော့ ၂၀၁၁ ခုနှစ် ဧပြီလနှောင်းပိုင်းမှာ တပ်ကခွင့်နဲ့ ပြန်လာမှ မိဘတွေက သိရတယ်။ ဘယ်လိုကြောင့် ရောက်သွားတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ သူ့သားပြန်လာပြီး သိပ်မကြာခင် လိုက်သွားတော့ လားရှိုးကိုရောက်တော့ အဖေရယ် သားပြန်လိုက်ချင်တယ်ဆိုတော့ သူက ကျနော်တို့ဆီကို အကူအညီ လာတောင်းတာပါ။”

အသက် ၁၈ နှစ်မပြည့်သေးခင် စစ်တပ်ထဲရောက်သွားရတဲ့ ကလေးစစ်သားတွေ မိဘရင်ခွင်ပြန်ရောက်နိုင်ရေး အတွက် HRDP အပါအ၀င် အဖွဲ့အစည်း တော်တော်များများဟာ ကလေးစစ်သားတွေရဲ့ တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့လိပ်စာ၊ ကိုယ်ပိုင်အမှတ်တွေနဲ့အတူ အသက်ထောက်ခံစာ၊ ကျောင်းထောက်ခံစာ စတဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ILO ကတဆင့် ဆက်သွယ် ဆောင်ရွက်နေကြပါတယ်။

ဒါပေမယ့် စစ်တပ်ထဲက ပြန်လွတ်မြောက်လာတဲ့ ကလေးစစ်သား အရေအတွက်က ILO ကို တင်ပြထားတဲ့ အရေအတွက်နဲ့စာရင် တော်တော်ကို နည်းနေပါသေးတယ်လို့လည်း ကိုစောဘန်ကူးက ပြောသွားပါတယ်။

No comments: