မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၁
မန္တလေးမြို့ မဟာ အောင်မြေမြို့ နယ် မဟာမြတ်မုနိ ဘုရားကြီး ဝင်းအတွင်း ရဟန်း ငါးပါးက နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး တို့အတွက် အင်္ဂါနေ့ နံနက်တွင် ဆန္ဒပြ တောင်းဆို လျက် ရှိသည်။
“နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်” “ပြည်တွင်းစစ် ချက်ချင်းရပ်” “လွတ်လပ်မှုကို ပေးပါ” ဆိုသော စာတမ်းများကို မဟာဗုဒ္ဓဝင်ဗိမာန်တော် အပြင်နံရံတွင် ချိတ်ဆွဲကာ ဗိမာန်တော်အတွင်း ဝင်ရောက် သီတင်းသုံး ဆန္ဒပြနေကြခြင်း ဖြစ်သည်။
အာရုဏ်တက်ချိန်မှစသော ဆန္ဒပြမှုတွင် သံဃာတော်များက အသံချဲ့စက်ကို အသုံးပြု ဟောပြောခဲ့ကြသည်။
တောင်းဆိုချက်များ မရမချင်း ဗိမာန်တော်ပေါ်မှ မဆင်းဟု ဆန္ဒပြ သံဃာတော်များက ထုတ်ဖော် ပြောဆိုထား သည်ဟုလည်း ဒေသခံအချို့က ပြန်လည် ပြောဆိုကြပြီး မစိုးရိမ်ကျောင်းတိုက်မှ ဦးရာဇဓမ္မနှင့် ဗဟိုသံဃာ့ ဝန်ဆောင်မှ ဦးကုမာရတို့က ဆန္ဒပြ သံဃာတော်များကို ညှိနှိုင်းနေကြဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။
“သူတို့လုပ်နေတာက မဟာဗုဒ္ဓဝင် စင်္ကြန်ပေါ်မှာ၊ အဲဒီဝရန်တာကို သော့ခတ်ပြီးတော့ သူတို့ယူထားလိုက်တယ်။ အဲဒီနေရာက အကျယ် ငါးပေပေါ့။ အရှည်ကတော့ ပေ ၃၀ လောက်ရှိမယ် အဲဒီမှာနေ နေတာ။ ဘုရားကြီးရဲ့ အရှေ့မြောက်ထောင့် မဟာဗုဒ္ဓဝင် ပြခန်းမှာရှိတယ်။ သူတို့သုံးတာက အသံချက်စက်ရယ်၊ Sound Box ရယ် မီးစက်လေးလည်း ပါတယ်ဗျ။” ဟု သွားရောက်ကြည့်ရှု့သူ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။
“လုံခြုံရေး အခြေအနေကတော့ ခုချိန်ထိ အေးဆေးပဲ၊ ခုချိန်ထိ ဘာမှ မတွေ့ရသေးဘူး။ လာကြည့်တဲ့လူတွေ ကတော့ ၅၀၀ တော့ ကျော်မယ်ဗျ၊ အားလုံး စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။ ကျနော်တို့ကိုလည်း ညှိလို့ရပြီ ဆိုပြီးတော့ ပြန်လွှတ်နေတယ်။ ဒါပေမယ့် ဘာကို ညှိလို့ရတယ်ဆိုတာ ကျနော်တို့ မသိရဘူး။” ဟု အဆိုပါ ဆန္ဒပြ ပွဲသို့ သွားကြည့်သူက ပြောသည်။
No comments:
Post a Comment