Thursday, November 17, 2011

နတ်မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သော ရဟန်းတော် အသတ်ခံခဲ့ရဖွယ်ရှိ

နိရဉ္စရာ


မြန်မာ-ဘင်္ဂလာ နယ်စပ် နတ်မြစ်အတွင်းမှ ယမန်နေ့က အလောင်း ဆယ်ယူရရှိခဲ့သော ရဟန်းတော်မှာ အသတ် ခံခဲ့ရဖွယ်ရှိကြောင်း ရဲစစ်ချက်က ဖေါ်ပြသည်ဟု သိရသည်။

ကော့ဘဇားမြို့ရှိ ရင်ခွဲရုံတွင် ထားသော ရဟန်းတော် အလောင်းကို ကိုယ်တိုင် သွားရောက်ကြည့်ရှု့ပြီး ဓါတ်ပုံရိုက်ခဲ့သူ နိရဉ္စရာ ကော့ဘဇား သတင်းထောက် ကိုထွန်းထွန်းမှ သူမြင်တွေ့ရသော အခြေအနေကို ယခုလို ပြောသည်။

" လည်ပင်းကို သင်္ကန်းနဲ့ ချည်ထားတယ်။ နောက်ကျောမှာလည်း ဒဏ်ရာတွေ တွေ့ရတယ်။ လက်မှာလည်း တွေ့ရတယ်။ လည်ပင်းကို သင်္ကန်းနဲ့ ရစ်သတ်ပြီး ရေထဲကို ပစ်ချလိုက်တာ ဖြစ်ပုံရတယ်။ ရဲကလည်း အသတ်ခံရတယ်ဆိုပြီး သံသယ ဖြစ်နေပါတယ်" ဟု ပြောသည်။

ဘင်္ဂလာရဲ အဖွဲ့မှ အဆိုပါ ရဟန်းတော်မှာ ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း နတ်ကျောက်ဆရီ မြို့နယ်တွင် ကျောင်းထိုင်နေသော ဆရာတော် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက ဖြစ်ပုံရကြောင်း ပြောဆိုသည်ဟု ကိုထွန်းထွန်းက ပြောသည်။

" လက်မောင်းတွေမှာ မင်ထိုးထားတဲ့ အတွက် မြန်မာနိုင်ငံဘက်က ဖြစ်ဖို့များတယ်။ ရဲကတော့ အခု နတ်ကျောက်ဆရီကို စုံစမ်း နေတယ် လို့ သိရပါတယ်။ မြန်မာဘက်က လာရောက် ကျောင်းထိုင်တဲ့ ဆရာတော်လို့ ပြောနေကြပါတယ်။ အလောင်းကို ခွဲဖို့ လုပ်နေတယ်။ ဒါကြောင့် တိကျတဲ့ ဆရာဝန် ရဲ့ အစီရင်ခံစာ ထွက်မလာသေးပါဘူး" ဟု သူက ပြောသည်။

အလောင်းကို ယခုအချိန်ထိ ဆေးစစ်ခြင်း မရှိသေးကြောင်းနှင့် များမကြာမှီ ခွဲစိတ်ပြီး စစ်ဆေး သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ဒေသခံ ဗုဒ္ဓဘာသာများမှ အဆိုပါ ဆရာတော် အလောင်းအား ဆေးစစ်ပြီးပါက သဂြိင်္ုလ်ရန် အတွက် စီစဉ်နေကြောင်း သိရသည်။

No comments: